နိုင်ငံတကာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အပါအဝင် အခြားပါတီများ အနေဖြင့် အပြုသဘောဖြင့် ပူးပေါင်း ဆောင်ရွက် ပေးကြရန် နိုင်ငံတော် သမ္မတရုံးက တိုက်တွန်းလိုက်သည်။
“အဘက်ဘက်မှ ယိုးယွင်းကျဆင်းလာနေသော နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ဝိုင်းဝန်းအဖြေရှာ ပြုပြင်နိုင်ရေး” ခေါင်းစဉ်ဖြင့် ကြံ့ခိုင်ရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီက နိုင်ငံတော်သမ္မတ ထံ အကြံပြုချက် ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှု အပေါ် နိုင်ငံတော်သမ္မတရံုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
ဦးဇော်ဌေး က “မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက နိုင်ငံတကာမှာ တော်တော် ကျယ်ပြန့်တယ်။ ဒီအပေါ်မှာ ပြည်ခိုင်ဖြိုးပါတီတင် မဟုတ်ဘူး၊ နိုင်ငံရေးပါတီတွေက နိုင်ငံ့အရေးလို့ တွေးပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ပိုပြီး အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့ ကျနော်တို့က တိုက်တွန်းချင်တယ်” ဟု မေ ၃၁ ရက်နေ့က နေပြည်တော်တွင် ပြောသည်။
ကြံ့ခိုင်ရေးပါတီနှင့် အခြားပါတီများက နိုင်ငံတကာပြဿနာအဖြစ် ရောက်ရှိသွားသည့် ခိုးဝင်ဘင်္ဂါလီ များကိစ္စ၊ လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု တပ်မတော်နှင့် အစိုးရအပေါ် စွပ်စွဲခံနေရသည့် ကိစ္စများတွင် ဖိအားပေးသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဆိုင်ရာနိုင်ငံများကို မြန်မာအစိုးရက ထိထိရောက်ရောက် ကာကွယ်တုံ့ပြန်ရန် အကြံပြုထားသည်။
ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအပေါ် အကြမ်းဖက် သတ်ဖြတ်ခဲ့မှုအား နိုင်ငံတကာ အလယ်တွင် အစိုးရ မည်သို့ ဆောင်ရွက်မည်ကို စောင့်ကြည့်နေကြောင်းလည်း ၎င်းတို့၏ အကြံပြုစာတွင် ပါရှိသည်။
ယင်းအကြံပြုချက်များနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက ရခိုင်အရေး ကိစ္စများကြောင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ လူအခွင့်အရေးကောင်စီ ကဲ့သို့ အဖွဲ့အစည်းများ၏ ဖိအားများ ရှိနေကြောင်း၊ ယင်းအခြေအနေတွင် နိုင်ငံ့ခေါင်းဆောင်များက သံတမန်နည်းဖြင့် ညှိနှိုင်းခြင်းများ ဆောင်ရွက်နေရကြောင်း၊ ယင်းကဲ့သို့ ခက်ခဲသည့် အခြေအနေများကို နိုင်ငံရေးပါတီများအနေဖြင့် နားလည်ရန်လိုအပ်ကြောင်း တုံ့ပြန်ပြောဆိုသည်။
ဦးဇော်ဌေး က “ကျနော်တို့ မြန်မာနိုင်ငံဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်း အလယ်မှာ နိုင်ငံရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာ ကျဆင်းနေတယ်။ ဒါတွေကို ကျနော်တို့ ပြန်တည်ဆောက်တဲ့အခါ နိုင်ငံရေးပါတီတွေက ထိထိ ရောက်ရောက် ပူးပေါင်းဆောင်ရွက်စေချင်တယ်။ ဆိုလိုတာက အစိုးရကိုပဲ လက်ညိုးထိုး ပြောနေတာထက် စာရင် နိုင်ငံတကာကိုလည်း အထောက်အကူပြုအောင် ပြောပေးသင့်တယ်လို့ မြင်တယ်။ ဒါက ဒီ အစိုးရအတွက် မဟုတ်ဘူး။ နိုင်ငံအတွက် ပြည်သူတွေအတွက်လို့မြင်တယ်” ဟု ပြောသည်။
အစိုးရတာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက လက်ရှိနိုင်ငံစီးပွားရေး အခြေအနေနှင့် ရှေ့အလားအလာ ကောင်းမွန်သည်ဟု ပြောဆိုကြသော်လည်း မြေပြင်တွင် ပြည်သူလူထုမှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ စိုက်ပျိုးသီးနှံဈေး နှုန်းကျဆင်းခြင်းများ ခံစားနေရသည့်အတွက် စပါးဈေး ကျဆင်းခြင်း၊ နယ်စပ်ဂိတ် အဖွင့်အပိတ်နှင့် ဈေးနှုန်း တည်ငြိမ်ရေး ဆောင်ရွက်ပေးရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် သမ္မတထံ အကြံပြုထားသည်။
ကမ္ဘာ့ဘဏ်၊ IMF၊ ADB စသည့် ငွေကြေးအဖွဲ့အစည်းများက မြန်မာ့စီးပွားရေး ကောင်းမွန်သည်ဟု ခန့်မှန်းထားပြီး လာမယ့် နှစ်တွင် တိုးတက်မှုနှုန်း ၆ ဒသမ ၈ အထိရှိမည်ဟု ခန့်မှန်းထားသကဲ့သို့ နိုင်ငံ၏ စီးပွားရေး တိုးတက်နေကြောင်း၊ သို့ရာတွင် အောက်ခြေပြည်သူများအထိ တိုးတက်မှုများ သိသာမြင်သာခြင်း မရှိသေးကြောင်း ဦးဇော်ဌေးက ဆိုသည်။
ဦးဇော်ဌေးက “တကယ့်အောက်ခြေ ပြည်သူလူထုကြားမှာကို ကျနော်တို့ တိုးတက်မှုတွေ၊ သိသာမြင်သာထင်သာ ခံစားရတဲ့ အဆင့်ထိ ရောက်ဖို့တော့ လိုအပ်ပါသေးတယ်။ လိုတဲ့အတွက် အစိုးရက ဘက်စုံ ကြိုးပမ်း နေတာဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းပြည်ပ ဆွဲခေါ်မှုပေါ့နော်” ဟု ပြောသည်။
နိုင်ငံအရေးအတွက် လက်ရှိအာဏာရ အစိုးရနှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးရန်အတွက် သမ္မတ ဦးထင်ကျော် လက်ထက်တွင် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မရခဲ့၍ နိုင်ငံအတွက် အကြံပြုချက်ကို ယခုကဲ့သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအကြံပြုချက်များသည်ပင် ကြံ့ခိုင်ရေးပါတီနှင့် နိုင်ငံရေးပါတီများ၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။
ဦးသိန်းထွန်းဦးက “ယနေ့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို အပြုသဘောဆောင်တဲ့ အကြံပြုချက် ၁၁ ချက်ကို ပေးပို့လိုက်တယ်။ ဒါသည်လည်း ပူးပေါင်းဆောင်ရွက်မှုတခုလို့ သတ်မှတ်လို့ ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံရေး ပါတီတွေရဲ့ ပေးပို့တဲ့ သဘောထားကို စာမျက်နှာ ၆ မျက်နှာ ရေးသားဖော်ပြထားပါတယ်” ဟု ဆိုသည်။
ယခုအကြံပြုချက်တွင်လည်း ဒီမိုကရေစီစံနှုန်းဖြစ်သော အမြင်မတူသော အဖွဲ့များအကြား ဆွေးနွေး ညှိနှိုင်းမှု ပျောက်ကွယ်နေ၍ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်းမှု ပြုစေလိုသည်ဟုလည်း အကြံပြုထားသည်။
ဦးသိန်းထွန်းဦး က “တကယ်လို့ နိုင်ငံတော်သမ္မတ အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်။ အကြံကောင်း ဉာဏ်ကောင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လိုချင်တယ်ဆိုရင် ဒီဘက်က တွေ့ချင်လို့ စောင့်နေတဲ့ ပါတီတွေလေ။ တို့ဘက်က ငြင်းစရာလည်း အကြောင်းမရှိဘူး။ လိုလားတောင်းဆိုနေတဲ့ အချက်ဖြစ်ပါတယ်” ဟု ပြောသည်။
ပါတီ ၂၄ ခု၏ အကြံပြုစာတွင် မွန်ပြည်နယ်တံတားကိစ္စ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်သည်များ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုများ အပါအဝင် အခြားသော တရားဥပဒေစိုးမိုးရေး လူမျိုးရေးစသည့် အချက်များကိုလည်း တင်ပြခဲ့သည်။
You may also like these stories:
ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး
တရားမမှု စေ့စပ်ညှိနှိုင်းဖြေရှင်းရေး တရားရုံး ၄ ခုတွင် ဆောင်ရွက်နေ
ရခိုင်အရေး မြန်မာအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ ဂျပန်လက်မခံ