ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး ပါတီ (တစည) ရုံးချုပ်နေရာ၏ မြေတစိတ်တပိုင်းအား မန်းမြန်မာ ဆောက်လုပ်ရေးကုမ္ပဏီသို့ BOT စနစ်ဖြင့် ငှားရမ်း၍ ကွန်ဒို အိမ်ရာနှင့် ရုံးခန်းများ၊ ကားပါကင်များ ပါဝင်သည့် ၈ထပ်ခွဲ အဆောက်အအုံ ၃ လုံး တည်ဆောက်မည်ဟု သိရသည်။
တစညပါတီ ဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေက “ ပါတီဌာနချုပ်က ဒီမှာပဲရှိမှာပါ၊ စာချုပ်က အစိတ်အပိုင်းတခုပါ၊ မန်း မြန်မာ ကုမ္ပဏီနဲ့ လုပ်မှာပါ၊ စည်ပင်သာယာ ခွင့်ပြုချက်နဲ့ လုပ်မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
တစည ပါတီရုံးချုပ် နေရာသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) လက်ထက်တွင် ပါတီ မော်တော်ယာဉ်ဝင်း အဖြစ် အသုံးပြုခဲ့သည့် နေရာဖြစ်ပြီး၊ ထိုသို့ ပါတီရုံးချုပ် မြေနေရာ တစိတ်တပိုင်းအား ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းမှုနှင့် ပတ်သက်၍ စာချုပ်ပါ နှစ် အကန့်အသတ်နှင့် ငှားရမ်းခ နှုန်းထားများအား ပါတီနှင့် ကုမ္ပဏီတို့က ထုတ်ဖော်ပြောခြင်း မရှိသေးပေ။
BOT စနစ်ဖြင့် ဆောက်လုပ်မည့် စီမံကိန်းအတွက် ပါတီပိုင် မြေပေါ်တွင် ယခင်က ငှားရမ်းဖွင့်လှစ်ထားသည့် ဆိုင်ခန်းများ ကိုလည်း ပြောင်ရွေ့ရန် ဆောင်ရွက်ထားပြီး စီမံကိန်း လုပ်ဆောင်ရန် အတွက် မည်သည့် အရှုပ်အရှင်းမှ မရှိကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းထွန်းကလည်း ပြောသည်။
ဦးသိန်းထွန်းက “ ပါတီရဲ့ပိုင်မြေထဲမှာ Own Program အနေနဲ့ တစိတ်တပိုင်းကို ကုမ္ပဏီတခုနဲ့ BOT စာချုပ် ချုပ်တာပါ၊ အလုပ်စ လုပ်ဖို့ လုပ်နေတာရှိပါတယ်၊ တခြား အရှုပ်အရှင်းလဲ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပါတီရုံးချုပ် နေရာတွင် စီမံကိန်း လုပ်ဆောင်ရန် ပါတီနှင့် မန်းမြန်မာ ကုမ္ပဏီတို့အကြား ၂၀၁၇ ခုနှစ်ခန့် ကတည်းက သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ခွင့် လိုင်စင်နှင့် ယခင်ငှားရမ်းထားသည့် ဆိုင်ခန်းများ ပြောင်းရွေ့ရေး တို့ကြောင့် တည်ဆောက်ရေး လုပ်ငန်းများ နှောင့်နှေးနေခြင်းဖြစ်ကြောင်း မန်းမြန်မာ ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးသိန်းသန်းဦး က ပြောသည်။
“စီမံကိန်း သဘောတူညီခဲ့တာ ၂ နှစ်လောက်ကြာပြီ၊ စာချုပ်နဲ့ ပတ်သက်လို့ကတော့ ပါတီနဲ့ ကျနော်တို့နဲ့ ဆုံပြီး မေးမှပဲ ပိုကောင်းမယ်၊ နှစ်ဦးနှစ်ဖက် သဘောတူချုပ် ဆိုထားတာဆိုတော့ တဖက်က ပြောသင့် မပြောသင့်တာတွေလဲ ရှိနိုင် ပါတယ်၊ ပါတီဘက်က ပြောတာက အမှန်ပါပဲ”ဟု သူက ဧရာဝတီသို့ ပြောသည်။
စီမံကိန်း ဆောက်လုပ်ရန် အတွက် မန်းမြန်မာအနေဖြင့် စည်ပင်သာယာရေးကော်မတီထံ ၁၆ ထပ် အဆောက် အအုံ တည် ဆောက်ရန် မူလက တင်ပြခဲ့သော်လည်း ၈ ထပ်ခွဲသာ ဆောက်လုပ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း မန်း မြန်မာကုမ္ပဏီ ဘက် က ပြောသည်။
တစည ပါတီသည် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) အား အမွေဆက်ခံ ကာ ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ၊ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရခေတ်က ပါတီပိုင် အဆောက်အဦနှင့် မြေနေရာများ အားလုံးသည် နိုင်ငံတော်ပိုင် များသာ ဖြစ်ပြီး တဦးတဖွဲ့၏ သဘောဖြင့် ငှားရမ်းခြင်း၊ ရောင်းချခြင်းများကို လွယ်လင့်တကူ ပြုလုပ်၍ မရကြောင်း ထောက်ပြသည်။
ရှေ့နေ ဦးကြီးမြင့်က “မဆလ ပါတီနဲ့ တစည အလွှဲအပြောင်းမှာ ဘယ်လိုရှိခဲ့တော့ သေချာမသိဘူး၊ ဒါပေမယ့် မဆလ ခေတ်က ပါတီ က သူတွေကို နိုင်ငံတော်ကပဲ လစာပေးထားပဲလေ၊ ပါတီအနေနဲ့ ငှားခဲ့တာဆိုရင် ပိုင်ရှင်တွေကို ပြန်ပေးရမယ်၊ အပိုင်ဝယ် တာဆိုရင် နိုင်ငံတော်ပိုင်ပါပဲ၊ ဒါကို လက်လွတ်စပယ် လွဲပြောင်း ရောင်းချတာ လုပ်လို့မရဘူး”ဟု ပြောသည်။
You may also like these stories:
ကျူးကျော်များ အတွက် ၃ လအတွင်း တိုက်ခန်းများ စဆောက်နိုင်မည် ဟု ရန်ကုန် ဝန်ကြီးချုပ် ပြော
ရန်ကုန်တွင် ၂၅ ရာခိုင်နှုန်းသာ အိမ်ရာတိုက်ခန်းများနှင့် နေထိုင်ဟု ကမ္ဘာ့ဘဏ်ဆို