မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် နေရာကို ဆက်ခံရန် မျှော်လင့်နေသူ ၂ ဦးကြားမှ ပြိုင်ပွဲက အမွေဆက်ခံမည့်သူအဖြစ် သတ်မှတ်ခြင်းခံထားရသူ အန်နဝါ အီဘရာဟင်၏ လက်ထောက်တဦးကို ပြိုင်ဘက် အသရေ ပျက်စေမည့် လိင်ဗီဒီယိုတိပ်ခွေတခု ပေါက်ကြားစေခဲ့သည်ဟု သံသယ ရှိခြင်းအတွက် ရဲအဖွဲ့က ဖမ်းဆီးခဲ့ခြင်းနှင့် အတူ မြောင်းထဲရောက်လာစေခဲ့သည်။
ဒုတိယ ဝန်ကြီးချုပ်ဟောင်း အန်နဝါ အီဘရာဟင်နှင့် လက်ရှိ စီးပွားရေး ဝန်ကြီး အက်ဇမင် အလီတို့ ၂ ဦးလုံးကို မလေးရှား၏ သက်ကြားအို ခေါင်းဆောင် မဟာသီယာ နေရာ ဆက်ခံရန် ရှေ့ဆုံးတွင် ရှိနေကြသူများ အဖြစ် သဘောထားခြင်း ခံခဲ့ရသည်။ နောက်ဆုံး ဖြစ်ပွားခဲ့သည့် ကိစ္စမှာ အက်ဇမင် နှင့် ဆင်တူသော အမျိုးသားတဦးက အခြားသော အမျိုးသားတဦးနှင့် လိင်ဆက်ဆံ နေသည်ကို ဖော်ပြထားသော ဗီဒီယိုတခုကို ဖြန့်ဝေခဲ့သည်ဟု သံသယရှိသည့် အတွက် ဇူလိုင်လ ၁၈ ရက်နေ့တွင် အန်နဝါ ၏ လက်ထောက် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
သူ၏ လက်ထောက်ဖြစ်သူ အဖမ်းခံရခြင်းကြောင့် အန်နဝါ ၏ နိုင်ငံရေးကို ထိခိုက်စေမည်မှာ သေချာနေချိန် မဟာသီယာနှင့် နီးစပ်သော လက်ထောက်ဖြစ်သည့် အက်ဇမင်မှာလည်း လိင်တူဆက်ဆံမှုကို လက်မခံသော မွတ်ဆလင်နိုင်ငံတခုတွင် ပြိုင်ပွဲမှ ပြုတ်ကျန်နိုင်သော အလားအလာက အာဏာလက်လွှဲရေးများ အပေါ်တွင် ဝေဝါးသွားစေခဲ့သည်။
ဇူလိုင်လ ၁၇ ရက်နေ့က ဗီဒီယိုပေါ်ထွက်ခဲ့ခြင်းတွင် မည်သည့်ပါဝင်ပတ်သက်မှုမှ မရှိကြောင်း အန်နဝါက ညင်းဆန်ခဲ့ပြီး အက်ဇမင်အနေဖြင့် အကယ်၍ ဗီဒီယိုတွင် သူပါဝင်ကြောင်း အာဏာပိုင်များက အတည်ပြုနိုင်ခဲ့လျှင် ရာထူးမှ နုတ်ထွက်သင့်ကြောင်း ပြောသည်။
တုန့်ပြန်သည့် အနေဖြင့် အက်ဇမင်က အန်နဝါ အနေဖြင့် မှန်ထဲက ကိုယ့်ရုပ်ပုံကို ကိုယ်ပြန်ကြည့်သင့်ကြောင်း ပြောကြားခဲ့ သည်။ ၂၀၀၀ ခုနှစ်တွင် အန်နဝါက သဘာဝမဟုတ်သည့် လိင်ဆက်ဆံမှုကို ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။
အညင်းပွားဖွယ်ရာ ဗီဒီယိုကို ပြီးခဲ့လအတွေင်းက ဆိုရှယ်မီဒီယာတွင် အကြိမ် တော်တော်များများ တင်ခြင်းခံခဲ့ရသည်။ ဗီဒီယိုတွင် ပါဝင်သည်ဟု အလျှင်အမြန် သတင်းထွက်ပေါ်လာခဲ့သည့် အမျိုးသားတဦးမှာလည်း နောက်ပိုင်းတွင် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ပေါက်ကြားမှု၏ နောက်ကွယ်ရှိနေသူကို ဆုံးဖြတ်နိုင်ရန် ရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်။
ဗီဒီယိုတွင် သူပါဝင်ခဲ့သည် ဆိုသည့်ကိစ္စကို အက်ဇမင်က ပြတ်ပြတ်သားစား ငြင်းဆန်ခဲ့သည်။ “ဒါက ပေါက်ကရတွေပါ။ ဒါ ပေမယ့် ကျနော့်ရဲ့ နိုင်ငံရေးဘဝကို ဖျက်ဆီးဖို့ အားထုတ်မှုတခု အနေနဲ့ ကျနော့်ရဲ့ ဂုဏ်သိက္ခာနဲ့ အကျင့်စရိုက်ကို လုပ်ကြံ သတ်ဖြတ်ဖို့ မရိုးသားတဲ့ ကြံစည်မှုတခု ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ယခုအခါတွင် ရာထူးဆက်ခံမှု ယှဉ်ပြိုင်ပွဲက ကမောက်ကမ ဖြစ်နေသည်။ ၂၀၁၈ ခုနှစ် မေလတွင် ဒုတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်လာသည့် အချိန်ကတည်းက အန်နဝါသည် သူ့ကို ဆက်ခံမည့်သူ ဖြစ်ကြောင်း မဟာသီယာက ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။ မဟာသီယာက သူ၏ ပထမပိုင်း ဝန်ကြီးချုပ် သက်တမ်းအတွင်းတွင် အန်နဝါကို ဒုတိယဝန်ကြီးချုပ် အဖြစ်မှ ထုတ်ပယ်ခဲ့ဖူးပြီး ယခုလည်း အသက် ၉၄ နှစ်အရွယ်ခေါင်းဆောင်က အစီအစဉ်အတိုင်း ဆောင်ရွက်လိမ့်မည် ဟုတ်/မဟုတ် နိုင်ငံရေး အသိုင်းအဝိုင်း အတွင်းမှ အများစုက သံသယ ရှိနေကြသည်။ တခုကျန်သေးသည်မှာ အန်နဝါ၏ အတွင်းရေးမှူး အဖမ်းခံရခြင်းက အာဏာရ ပါတီအတွင်း သူ၏ ရပ်တည်မှုကို ထိခိုက်စေနိုင်သည်။
ထိုအချိန်တွင် အက်ဇမင်က မဟာသီယာ၏ အရေးပါသော လက်ထောက်တယောက်အနေဖြင့် သူ၏ သြဇာအာဏာကို တိုးချဲ့ နေသည်။ မဟာသီယာက ရာထူး ဆက်ခံရန် သဘောကျသူ ဖြစ်ကြောင်းလည်း ယခုအခါ ကောလာဟလများ ထွက်ပေါ် ခဲ့၏။ သို့သော်လည်း ဗီဒီယိုတွင် ပါဝင်သည်မှာ သူမဟုတ်ကြောင်း သူက သက်သေပြလျှင်ပင် သူ၏ ပုံရိပ်က မလေးရှား ပြည်သူလူထု၏ မျက်လုံးများထဲတွင် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
တချိန်တည်းတွင်ပင် အဆိုပါ ပြိုင်ဘက် ၂ ဦးအပြင် မဟာသီယာ၏ သားဖြစ်သူက အရိုက်အရာကို ဆက်ခံရန် စိတ်ဝင်စားမှု ရှိကြောင်း ညွှန်ပြမှုများလည်း ရှိနေသည်။ “ကျနော်က ပွင့်ပွင့်လင်းလင်းပါပဲ။ ကျနော်က ဘယ်နေရာနဲ့ အကောင်းဆုံး သင့်လျော်မလဲ ဆိုတာက အဲဒီအချိန်ရဲ့ ခေါင်းဆောင်မှုပိုင်း အပေါ်မှာ မူတည်ပါတယ်” ဟု ယခုအချိန်တွင် မြောက်ပိုင်း ကီဒါး Kedah ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော မုခရစ်ဇ် မဟာသီယာ Mukhriz Mahathir က Nikkei Asian Review နှင့် လတ်တလော အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။
အကယ်၍ ဝန်ကြီးချုပ်က သူ၏ သားဖြစ်သူကို ရာထူးဆက်ခံသူ အဖြစ် အမည်တင်သွင်းလာခဲ့လျှင် အာဏာရပါတီအတွင်း၌ ပြင်းထန်သော ဆန့်ကျင်မှုများ ရင်ဆိုင်ရရန် သေချာနေသည်။
ဗီဒီယိုက ယခင်ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ အရှုပ်အထွေး များလှသော အစိုးရနှင့် ကွဲပြားသည် ဟူသော အာဏာရ မဟာမိတ်အဖွဲ့၏ သြဇာကို ထိခိုက်စေကြောင်း နိုင်ငံရေး စွန့်စားရမှု အတိုင်ပင်ခံ အဖွဲ့တခု ဖြစ်သည့် Eurasia Group ၏ အရှေ့တောင်အာရှနှင့် တောင်အာရှဆိုင်ရာ အကြီးအကဲ ပီတာမမ်ဖို့ Peter Mumford ကပြောသည်။ နာဂျစ်ရာဇတ်မှာ 1MDB ခေါ် 1Malaysia Development Berhad ရံပုံငွေမှ များပြားလှသော ငွေကြေးများကို အလွဲသုံးစား ရယူခဲ့သည်ဟု စွပ်စွဲခြင်း ခံခဲ့ရသည်။
“ပြီးခဲ့တဲ့ မေလက အံ့အားသင့်ဖွယ်ရာ ရွေးကောက်ပွဲ အနိုင်ရရှိမှု နောက်ပိုင်း မလေးရှားနိုင်ငံအတွက် ပိုမိုသန့်ရှင်းတဲ့ နိုင်ငံရေး အရုဏ်သစ်တခု အနေနဲ့ ဖြစ်ရမယ်ဆိုတဲ့ အာဏာရ Pakatan Harapan မဟာမိတ်အဖွဲ့ အပေါ်မှာ ဗီဒီယို အရှုပ်တော်ပုံ က ထိခိုက်စေပါတယ်” ဟု ပီတာမမ်ဖို့ က ပြောသည်။
အရှုပ်တော်ပုံက တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ မလေးရှားနိုင်ငံ အပေါ် ဖိအားဖြစ်စေသည်နှင့် အမျှ စိုးရိမ်မှုများ တိုးပွားလာနေရသည့် အစိုးရ၏ စီးပွားရေး မူဝါဒများ အပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်နိုင်ပါသည်။
ကိုးကား။ ။ Nikkei Asian Review
ဆက်စပ်ဖတ်ရှုရန်
မဟာသီယာ အစိုးရ တနှစ်ပြည့်တဲ့အခါ
Crazy Rich Asians ရဲ့ အခြားတဖက်မှာ
တရုတ်တွေ ကြိုက်တဲ့ ဒူးရင်းသီးက ကျိန်စာလား