၁ နှစ်ကျော်ကြာ မကျင်းပနိုင်ဘဲ ဖြစ်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုး ထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ကြား သဘောတူထားကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)နှင့် အပစ်ရပ် ၁၀ ဖွဲ့မှ ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ် များ စက်တင်ဘာလ ၁၀ ရက်က ရန်ကုန် NRPC ရုံး၌ တွေ့ဆုံ၍ ၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပနိုင်ရေး အပါအဝင် ၂၀၂၀ အတွင်း ဖက်ဒရယ် အခြေခံမူများ ရယူထားနိုင်ရေး ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြသည်။
သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “၂၀၂၀ နှစ်ဆန်းပိုင်းကို ကြိုးစားကြည့်ဖို့ပေါ့။ နှစ်ဖက်စလုံးကတော့ မူအားဖြင့် သဘောတူထားတာ ရှိတယ်။ သို့သော် ဘယ်ကာလ၊ ဘယ်နေ့ ဘယ်ရက်ဆိုတာတော့ ကျနော်တို့ ထပ်ပြီးတော့ ညှိနှိုင်းကြ ရဦးမယ်။ ကျနော်တို့ မျှော်မှန်းတာတော့၂၀၂၀ နှစ်ဆန်းပိုင်းပေါ့နော်” ဟု ပြောသည်။
အစိုးရဘက်မှ ၂၀၂၀ နှစ်ဆန်းပိုင်း၌ ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပလိုသော အခြေအနေနှင့် ပတ်သက်သည့် အဆို ပြုချက်ကို အပစ်ရပ် ၁၀ ဖွဲ့မှ ညှိနှိုင်းရေးအဖွဲ့များက ယူသွားကာ သက်ဆိုင်ရာ ခေါင်းဆောင်များကို ပြန်လည် တင်ပြသွား မည်ဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့များက ပြောဆိုသည်။
အပစ်ရပ် ၁၀ ဖွဲ့မှ ညှိနှိုင်းရေးအဖွဲ့ ပြောခွင့်ရ နိုင်အောင်မငေးက“ UPC (ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့) ကိစ္စ ကတော့ ကျနော်တို့ အစိုးရဘက်က အဆိုပြုချက်ကို ယူသွားပြီးတော့ တင်ပြမယ်။ ကျနော်တို့ပေးတဲ့ အဆိုပြုချက်ကို အစိုးရက ယူသွားမယ်။ ဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ ဘယ်ဟာကို နှစ်ဖက် လက်ခံနိုင်တဲ့ အဆိုပြုချက်ဖြစ်ရင် UPC က ကျနော်တို့ မျှော်လင့်ထားတဲ့ ရက်ဖြစ်ဖို့ရှိမယ်”ဟု ပြောသည်။
အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များက လာမည့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပသည့် အခါ ဖက်ဒရယ်အခြေခံမူများ စုစည်းနိုင်ရေးကို မျှော်လင့်ထားကြောင်းနှင့် ထိုအခြေခံမူများ ရရှိရေးအတွက် ယခု အလုပ် အဖွဲ့ အစည်းအဝေးများ ကျင်းပ၍ ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၁ နှစ်လျှင် ၂ ကြိမ်၊ ခြောက်လလျှင် ၁ ကြိမ် ကျင်းပ ရန် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ကြား သဘောတူညီထားကြသည်။
သို့သော် ၂၀၁၈ ခုနှစ် ဇူလိုင်လက တတိယအကြိမ် ကျင်းပပြီးနောက် ယနေ့ (၂၀၁၉ ခုနှစ်၊ စက်တင်ဘာလထိ) ထိ ၁ နှစ် ကျော်လာသည့်တိုင် မကျင်းပနိုင်ဘဲ ဖြစ်နေသည်။
ထိုသို့ မကျင်းပနိုင်ခြင်းမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅-၁၆ ရက်များက အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် အပစ် ရပ် ၁၀ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ၏ ၁၀+၁၀ အစည်းအဝေး မကျေလည်မှု ဖြစ်ပြီးနောက် KNU က ငြိမ်းချမ်းရေး လုပ် ငန်းစဉ် တရားဝင် အစည်းအဝေးများ တက်ရောက်နေခြင်းမှ ယာယီ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သလို RCSS က JMC အဆင့်ဆင့် အစည်းအဝေးများ တက်ရောက်နေခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။
KNU နှင့် RCSS တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစည်းအဝေးများကနေ ယာယီ နုတ်ထွက်ထားခြင်းကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီ(JMC)၊ နိုင်ငံရေး မူဘောင် သုံးသပ်အစည်း အဝေးများ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) စသည့် တရားဝင် အစည်းအဝေးများ မကျင်းပနိုင်ဘဲ ဖြစ်နေသည်။
လက်ရှိတွင် NCA ကို ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေ စီ အကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင် အမျိုးသားများ တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ် ဦး(ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါ တီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လက်မှတ် ထိုးထားကြသည်။
You may also like these stories:
ငြိမ်းချမ်းရေးအထောက်အကူပြုရုံးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းမည်ဟု အစိုးရပြော
ဗမာကို တိုင်းရင်းသားလို့ မမြင်တာ ပြဿနာ