မန္တလေးမြို့၏ လမ်းအမည်များ စနစ်တကျ ရှိစေရေးနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်ရန် ဆောင်ရွက် မှုများ စတင်နေပြီ ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က “မိမိနေထိုင်ရာ လမ်းတွေကို ရပ်ကွက်သားတွေကပဲ အမည်ပေးခဲ့ကြလို့ စနစ် မကျခဲ့ဘဲ အမည်တူ လမ်းတွေ အများကြီး ရှိနေပြီး နေရာရှာရာမှာ အခက်အခဲတွေ တွေ့ကြုံခဲ့ကြပါတယ်။ လမ်း ၁ လမ်း ကိုပဲ အမည်၂ မျိုး ၃ မျိုး ဖြစ်နေတဲ့ လမ်းတွေလည်း အများကြီးပါ။ ပထမဆုံးအနေနဲ့ အရှုပ်ထွေးဆုံး ဖြစ်တဲ့ ချမ်းမြသာစည် မြို့နယ်မှာ လမ်းညွှန်ဆိုင်းဘုတ်တွေ စတင် စိုက်ထူပါမယ်” ဟု သူ၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။
အဆိုပါ စနစ်များ ပြောင်းလဲနိုင်ရန် အတွက် မန္တလေးမြို့စည်ပင် နယ်နိမိတ်အတွင်းရှိ ရပ်ကွက် ၉၆ ရပ်ကွက်၌ ကွင်းဆင်း လေ့လာစစ်ဆေးမှု (Urban planning unit) ကို ၂၀၁၈ ခုနှစ် ဇူလိုင်၊ သြဂုတ်လများတွင် ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်ပေါ် မူတည်၍ အကြိမ်ကြိမ် ဆွေးနွေး အတည်ပြုခဲ့ခြင်းဟု သိရသည်။
ယခုအခါ မန္တလေးမြို့တွင် အမည်တူလမ်းများမှာ ရတနာ လမ်း၂၀၊ သစ္စာလမ်း ၁၄ လမ်း၊ မေတ္တာလမ်း ၁၃ လမ်း၊ အောင်မင်္ဂလာလမ်း ၇ လမ်း အထိရှိသလို လမ်း ၁ လမ်းတည်းတွင် လမ်းပိုင်းတခုနှင့် တခု အခေါ် မတူခြင်းမှာ အောင်မြေသာစံ မြို့ နယ်တွင် ၂၂ လမ်း၊ ချမ်းအေးသာစံမြို့နယ်တွင် ၁၆ လမ်း၊ မဟာအောင်မြေ မြို့နယ်တွင် ၁၂ လမ်း၊ ချမ်းမြသာစည်မြို့နယ် တွင် ၂၉ လမ်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၅ လမ်း၊ အမရပူရမြို့နယ်တွင် ၇ လမ်းနှင့် လမ်း ၁ လမ်းတည်းအား အမည်၂ မျိုး ဖြစ်နေသည်မှာ အောင်မြေသာစံမြို့နယ်တွင် ၅ ခု၊ ချမ်းအေးသာစံမြို့နယ်တွင် ၂ ခု၊ မဟာအောင်မြေ မြို့နယ်တွင် ၂ ခု၊ ချမ်းမြသာစည်မြို့နယ်တွင် ၆ လမ်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင်၂ လမ်းတို့ ဖြစ်သည်။
ထို့ပြင် လမ်းနံပတ်ပေးရန် ရှုပ်ထွေးနေသော ရပ်ကွက် ၂၈ ခုရှိရာ အောင်မြေသာစံမြို့နယ်တွင် ၇ ရပ်ကွက်၊ ချမ်းအေးသာ စံမြို့နယ်တွင် ၄ ရပ်ကွက်၊ မဟာအောင်မြေ မြို့နယ်တွင် ၅ ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် ၄ ရပ်ကွက်၊ ပြည်ကြီးတံ ခွန်မြို့နယ်တွင် ၈ ရပ်ကွက်တို့ ဖြစ်ကြောင်း သိရသည်။
ပြောင်းလဲ တပ်ဆင်ပေးသွားမည့် နံပါတ်နှင့် လမ်းမကြီးများမှာ ၁၀၁ လမ်း (သိပ္ပံလမ်း)၊ ၁၀၂ လမ်း (ဗန္ဓုလလမ်း)၊ ၁၀၃ လမ်း(ကျန်စစ်သားလမ်း)၊ ၁ဝ၄ လမ်း (အနော်ရထာလမ်း)၊ ၁၀၅ လမ်း (ဘုရင့်နောင်လမ်း)၊ ၁၀၆ လမ်း (အောင်ဇေယျ လမ်း)၊ ၁၀၇ လမ်း (အောင်ဆန်းလမ်း)၊ ၁၀၈ လမ်း (ဇလပ်ဝါလမ်း)၊ ၁၀၉ လမ်း (ခိုင်ရွှေဝါလမ်း)၊ ၁၁ဝ လမ်း (မနော်ဟရီ လမ်း)၊ ၁၁၁ လမ်း (နှင်းဆီလမ်း)၊ ၁၁၂လမ်း (မြတ်လေးလမ်း)၊ ၁၁၃ လမ်း (ပိတောက်လမ်း)၊ ၁၁၄ လမ်း (ဝေသာလီ လမ်း)၊ (၁၁၅) လမ်း (သာယာဝတီမင်းကြီးလမ်း)၊ ၁၁၆ လမ်း (ပျူစောထီးလမ်း)၊ ၁၁၇ လမ်း (ကျန်စစ်သားလမ်း)၊ ၁၁၈ လမ်း(ဇော်ဂျီလမ်း)၊ ၁၁၉ လမ်း (ကုသိုလ်တော်လမ်း)၊ ၁၂၀ လမ်း (မင်းကြီးရန်နောင်လမ်း) တို့ ဖြစ်သည်။
ချမ်းမြသာစည်မြို့နယ်အတွင်း နေထိုင်သူ VOM Mandalay ၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းက “ချမ်းမြသာစည်မြို့နယ်ထဲမှာ လမ်းနာမည် ထပ်နေတာတွေက ၁၀ ခုလောက်ထိ ရှိနေတယ်။ ပန်းနာမည်တွေ မျိုးစုံပေးထားကြတာ၊ အချို့လိပ်စာ အတိအကျ မပြောနိုင်ရင် လမ်းနာမည်တွေ ရှာရတာ တော်တော် ဒုက္ခရောက်တယ်။ အခုတော့ မြေပုံတွေ၊ လမ်းညွှန်တွေ၊ Google Map တွေနဲ့ သေသေချာချာ ချိတ်ဆက်ပြီး လုပ်ပေးထားတာကြောင့် GPS နဲ့ သွားတဲ့သူတွေ အတွက်လည်း အဆင်ပြေသွားမယ်။ အထူးသဖြင့် နိုင်ငံခြားဧည့်သည်တွေ ပိုပြီးတော့ အဆင်ပြေတာပေါ့” ဟု ပြောသည်။
ထို့ပြင် နံပါတ်စဉ်ဖြင့် အမည်ပေးထားသည့် လမ်းညွှန်ဆိုင်းဘုတ်များကို ပြောင်းလဲတပ်ဆင်မှုကို ချမ်းမြသာစည်မြို့နယ်၌ စတင် ပြုလုပ်မည် ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် Myanmar Traffic ကုမ္ပဏီမှ လုပ်ဆောင်သွားမည် ဖြစ်ကာ လမ်းညွှန်ဆိုင်းဘုတ်များ ခိုင်ခန့်မှု ရှိစေရေး၊ မိုးရေကြောင့် ဝက်အူဆွေးမြေ့မှု မရှိစေရန်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းအမည်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြောင်းလဲ သတ်မှတ်ပေးမည့်အပြင် အိမ်လိပ်စာများကိုလည်း ဇစ်ကုတ် (Zip Code) ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးရဲမြတ်သူက “လမ်းနာမည် ချိန်းမယ့် အစီအစဉ်မှာ ဇစ်ကုတ် (Zip Code) တွေကို ကျနော် လုပ်ပေးနေတာပါ။ အခု အစီအစဉ်ကို လုပ်နေတာ ၃ နှစ် လောက် ရှိပါပြီ။ အရင်က စာပို့တယ်ဆိုရင် စာပို့သမားက နားလည်ရင် သွားလို့ လွယ်ကူပေမယ့် အခုအခါမှာ ပစ္စည်းပို့တာ၊ စာပို့တာတွေက လူတွေနဲ့ မဟုတ် တော့ဘဲ စက်တွေက များလာပြီ။ စက်တွေက တိတိကျကျ ညွှန်းနိုင်ဖို့ ကိစ္စမှာ ဇစ်ကုတ်လို ကုတ်နံပါတ်တွေက အရေးပါ လာတယ်။ ဒါကြောင့် မြို့နဲ့ အဆင်ပြေအောင် တီထွင်ရတာပါ” ဟု ပြောသည်။
ယခုအခါ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုများအရ အိမ်အရောက်ပို့ စနစ်၊ သွားလာရေး အတွက် ယာဉ်ငှားရမ်းမှုစနစ်၊ အွန်လိုင်း ငွေပေးချေစနစ်များ အသုံးတွင်ကျယ်လာသည့် အခြေအနေတွင် Address System က အရေးပါလာသဖြင့် စနစ်တကျ ဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဟု သိရသည်။
ဦးရဲမြတ်သူက “ရှေးတုန်းကတည်းက ရှိတဲ့ မန္တလေးမြို့ဟောင်းလို့ ခေါ်ရမယ့် မြို့တွင်းလမ်း စနစ်တွေက အဆင်ပြေတယ်။ လမ်းတွေက နံပါတ်တွေနဲ့ အသားကျပြီးသား ဆိုတော့ လူတိုင်း နားလည်တယ်။ ဒါပေမယ့် မြို့သစ်လို့ ခေါ်တဲ့ သိပ္ပံလမ်း တောင်ဘက်ခြမ်းက သွားလာရတာ အဆင်မပြေဘူး။ အိမ်နံပါတ်နဲ့ လမ်းတွေကို ညွှန်လိုက်ရင်လည်း တော်တော်နဲ့ ရောက်မလာဘူး။ အဲဒီလို ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ဘယ်နည်းနဲ့ အိမ်လိပ်စာတွေကို လွယ်လွယ်ကူကူနဲ့ ရောက်မလဲပေါ့” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “UN မှာလည်း အဲဒီကိစ္စကို ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ အိမ်ရှိသူတိုင်း လိပ်စာရရှိရေးကိစ္စက တော်တော်လေး အရေးကြီးတယ်။ ကမ္ဘာမှာ နေစရာအိမ်ရှိပြီး လိပ်စာမရှိတဲ့သူတွေ အများကြီးပဲ။ အဲဒီလို ကိစ္စတွေက ကျနော်တို့ နိုင်ငံမှာလည်း ရှိတယ်။ ကျေးလက်တွေမှာ ဖြစ်နေရင် ပြဿနာမရှိပေမယ့် မြို့လယ်ခေါင်မှာ ဖြစ်နေတဲ့အခါ ကျနော်တို့ မှာ တာဝန်ရှိလာတယ်။ ဒါကြောင့် မန္တလေးမှာ ရှိနေတဲ့ နေအိမ်တွေ အားလုံးမှာ လိပ်စာစနစ် မှန်မှန်ကန်ကန်ရှိဖို့ အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာပါ” ဟု ပြောဆိုသည်။
နံပတ်စဉ်ဖြင့် အမည်ပေးထားသည့် လမ်းညွှန်ဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်မှုကို မြို့တောင်ဘက်ခြမ်းတွင် ဦးစားပေး ပြုလုပ်ပေးရခြင်းမှာ လိပ်စာစနစ် အတွက် အခက်အခဲများ ပို၍ ရှိနေခြင်းကြောင့်ဖြစ်သလို ပြောင်းလဲ တပ်ဆင်ပေးမည့် လမ်းညွှန်ဆိုင်းဘုတ်များတွင် မူလလမ်း အမည်များကိုလည်း ထည့်သွင်း ပေးထားကြောင်းလည်း သိရသည်။
ဦးရဲမြတ်သူက “ကျနော်တို့ မြို့မှာ အဓိက ဘာပြဿနာ ဖြစ်နေလဲဆိုတော့ အိမ်တအိမ်က ရေမီတာသုံးတဲ့ လိပ်စာ၊ အဲဒီ အိမ်ကပဲ ဆိုင်လေးတဆိုင် ဖွင့်တယ်ဆိုရင် သန့်ရှင်းရေး လိုင်စင်လုပ်တဲ့ အချိန်မှာပေးတဲ့ လိပ်စာရယ်၊ ရေခွန်၊ မီးခွန်၊ သန့် ရှင်းရေခွန်၊ အိမ်ခွန်၊ မြေခွန် လိပ်စာတွေက မတူဘူး။ ပိုင်ရှင်တွေကလည်း ရှုပ်ထွေးနေတော့ Data တွေ ကောက်တဲ့အခါမှာ လုံးဝ အဆင်မပြေဘူး။ အဲဒီလို လိပ်စာစနစ် ကောင်းကောင်း မရှိဘူးဆိုရင် ကျနော်တို့ မြို့ကို ဘယ်လိုမှ အုပ်ချုပ်ဖို့ ဆိုတာ မလွယ်ဘူး။ ဒါကြောင့် လိပ်စာစနစ် ကောင်းဖို့ အရင် စလုပ်တာပါ” ဟု ပြောသည်။
ယခုကဲ့သို့ ပြောင်းလဲမှုများမှာ အစိုးရ ဘတ်ဂျက်မှ ကုန်ကျခံဆောင်ရွက်ခြင်း မဟုတ်ဘဲ မြို့ခံလုပ်ငန်းရှင်များ၏ ထည့်ဝင်လှူဒါန်းမှု၊ ရပ်ကွက်နေ ပြည်သူများ၏ စိုက်ခံ ထည့်ဝင်များနှင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က “လမ်းညွှန်ဆိုင်းဘုတ်နဲ့ ကြော်ငြာအရွယ်တူကို G bond aluminum composite with bracket အရည်အသွေး ကောင်းတာကို သုံးမှာပါ။ တိုင် ၁ တိုင်ရဲ့ ကုန်ကျစရိတ်က တိုင်၊ လမ်းညွှန်၊ ကြော်ငြာနဲ့ footing အပါအဝင် မြေကျင်းတူးခနဲ့ တိုင်စိုက် အပြီးအစီး ၆ သောင်း ကုန်ကျမှာပါ။ ရပ်ကွက်က မိမိအစီအစဉ်နဲ့ လုပ်ချင်ရင်လည်း တိုင် ၁ တိုင် ၆ သောင်း ထောင့် ၁ ထောင့်၂ တိုင်နှုန်းနဲ့ စည်ပင်ကို လှူလို့ ရပါတယ်” သူ၏ Facebook ၌ ပြော ကြားထားသည်။
ထို့ပြင် အောက်ခြေ ခိုင်ခန့်မှု ရှိစေရန် အတွက် Precast footing with bolt and nuts ၁ ပေ ၄ လက်မ အရွယ် သုံးမည် ဖြစ်သလို စာသားများ သေသပ်လှပမှု ရှိစေရန် အတွက် UV print ကို အသုံးပြုသွားမည် ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် အတွင်း ပြီးစီးပါက စည်ပင်နယ်နမိတ် အတွင်းရှိ ကျန်မြို့နယ်များကိုလည်း ၆ လ အတွင်း ဆက်လက် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခု စနစ်ကြောင့် နံပါတ်နှင့်လမ်းများမှာ ၂၄၀၁ လမ်း၊ အမည်နှင့် ၇၂ လမ်း၊ Nill လမ်း ၂၇၉ လမ်း ရှိလာမည် ဖြစ်သလို အမည်နှင့် ကျန်ရှိမည့် လမ်းမကြီးများမှာ တံခွန်တိုင်လမ်း၊ မင်္ဂလာလမ်း၊ စက်မှုပန်းခြံလမ်း၊ မင်္ဂလာကန်ပတ်လမ်း၊ ရန်ကုန်-မန္တလေးလမ်း၊ စစ်ကိုင်း-မန္တလေးလမ်း၊ စစ်ကိုင်းလမ်း၊ မြို့ဟောင်းလမ်း၊ တောင်သမန်ကန်ပတ်လမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်း စသည်တို့ ဖြစ်သည်။
You May Also Like These Stories :
မန္တလေးအိမ်ခြံမြေ ဈေးကွက် သိန်း၃၀၀ အောက် အကွက်ရိုက်မြေများ အရောင်းအဝယ်ဖြစ်
မန္တလေးက AA ဖောက်ခွဲရေးအမှု တရားလိုကို စတင် စစ်ဆေး
မန္တလေးရှိ မြို့နယ် ၈ ခု၌ အီတလီကုမ္ပဏီ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေမည်