ဒေါက်တာမဟာသီယာ မိုဟာမက်သည် မလေရှားဝန်ကြီးချုုပ်အဖြစ်မှ ယနေ့ တနင်္လာနေ့တွင် နုတ်ထွက်လိုက်ပြီ ဖြစ်သည်။
နုတ်ထွက်စာကို ဘုရင့်ထံ တနင်္လာနေ့ နေ့လယ် ၁ နာရီတွင် တင်သွင်းလိုက်ကြောင်း ဝန်ကြီးချုပ်ရုံးကြေညာချက်အရ သိရသည်။ ထိုကြေညာချက်တွင် အခြားအသေးစိတ်များပါဝင်ခြင်းမရှိပေ။
ခေတ္တအကြာတွင် သူသည် ပါတီ ပရီဘမ်မိ ဘာဆက်တူ မလေးရှား (Bersatu) ၏ ဥက္ကဋ္ဌ အဖြစ်မှလည်း နုတ်ထွက်လိုက်သည်။
နုတ်ထွက်စာကို Bersatu ဌာနချုပ်သို့ ယနေ့ပေးပို့သည်ဟု Bersatu ဥက္ကဋ္ဌရုံးမှ ထုတ်ပြန်သော ကြေညာချက်က ဆိုသည်။
အာဏာရ ညွန့်ပေါင်းအစိုးရ ပါကာတန် ဟာရာဖန် (PH) မှ Bersatu ထွက်ပြီး ညီညွတ်သော မလေးအမျိုးသားအဖွဲ့ (UMNO)၊ ပါတီအစ္စလမ် စီ မလေးရှား (PAS) နှင့် အခြားအဖွဲ့များနှင့် ပူးပေါင်းကာ အစိုးရသစ်ဖွဲ့ရန် သူလုပ်ဆောင်မည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်လာပြီးနောက် သူ ရုတ်တရက် နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။
ဒေါက်တာမဟာသီယာ မိုဟာမက်သည် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှားနိုင်ငံ၏ စတုတ္ထမြောက်ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ပြီး သူသည် ထိုစဉ်က UMNO ကို ဦးဆောင်ခဲ့သည်။
သူသည် UMNO မှ ၂၀၁၆ ခုနှစ်တွင် နုတ်ထွက်ပြီး ထိုနှစ်မှာပင် Bersatu ကို ထူထောင်ကာ ဥက္ကဋ္ဌ တာဝန်ယူသည်။
သူသည် ၂၀၁၈ က ရွေးကောက်ပွဲတွင် PH ကို အနိုင်ရစေခဲ့ပြီး တိုင်းပြည်လွတ်လပ်ရေး ရပြီးနောက်ပိုင်းကတည်းက တိုင်းပြည်ကို အုပ်ချုပ်နေသည့် ဘာရီဆန်နေရှင်နယ် အုပ်ချုပ်ရေးကို ဖျက်သိမ်းခဲ့သည်။
ပါတီ ကိဒီလန် ရာကျပ် (PKR) ၏ ဥက္ကဋ္ဌနှင့် PH ၏ သဘောတူညီချက်အရ နောက်တက်မည့် ဝန်ကြီးချုပ်ဖြစ်သူ အန်ဝါ အီဘရာဟင်က သူသည် ညွန့်ပေါင်း မဟာမိတ်အဖွဲ့၏ သစ္စာဖောက်ခံရကြောင်း တနင်္ဂနွေနေ့တွင် ပြောသည်။
တနင်္လာနေ့နံနက်တွင် အန်ဝါနှင့် ဒုတိယဝန်ကြီးချုပ် ဝန်အဇီဇာ အစ္စမေးလ်တို့သည် ဒီမိုကရက်တစ်အရေးတော်ပုံပါတီ (DAP) အတွင်းရေးမှူးချုပ် လင်ဂွမ်အန်း၊ ပါတီ အမန်နာ နီဂါရာ ဥက္ကဋ္ဌ မိုဟာမက် ဆဘူတို့နှင့်အတူ ဒေါက်တာမဟာသီယာနှင့် သူ၏အိမ်တွင် တွေ့ဆုံခဲ့သည်။
ပြည်သူလူထု၏ ယုံကြည်မှုကို သစ္စာဖောက်သော အုပ်စုများကို အရှုံးပေးမည်မဟုတ်ကြောင်း အန်ဝါက သတင်းထောက်များကို ပြောသည်။
“မူကို ဦးစားပေးရမယ်ဆိုတဲ့ ဒေါက်တာမဟာသီယာရဲ့ ရပ်တည်ချက်ကို ကျနော်ကျေနပ်တယ်” ဟု သူက ပြောသည်။
သူ့ကိုယ်သူ ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ပြောဆိုတတ်သော မဟာသီယာသည် အန်ဝါသို့ ရာထူးလွှဲပြောင်းပေးမည့် ကတိကို လိုက်နာမည်ဟု အကြိမ်ကြိမ်ပြောခဲ့သော်လည်း မည်သည့်အချိန်တွင် ရာထူးလွဲပြောင်းမှု ပြုလုပ်မည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
အစိုးရသစ်တခုကို ဖွဲ့စည်းတော့မည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေပြီး ကွာလာလမ်ပူ မြို့လယ်တွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။
ကိုးကား။ ။ CNA
You may aslo like these stories:
ကိုရိုနာဗိုင်းရပ်ကြောင့် အီရန်မှာ လူ ၈ ဦး သေ
ကိုရိုနာဗိုင်းရပ်ကြောင့် အီတလီမြောက်ပိုင်းမြို့ ၁၀ မြို့ကို ပိတ်ဆို့ထား
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး NLD နဲ့ ကြံ့ခိုင်ရေး ဘာကွာလဲ