နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ယနေ့ ဧပြီလ ၂၁ ရက်နေ့ တွင် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး ယနေ့ရုံးချိန်းတွင် ၎င်းဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေ ၄ ဦးက ရှေ့နေ လိုက်ခွင့်ရရှိရန် ပါဝါတင်ခဲ့ကြောင်း သိရသည်။
Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ၎င်းကို Video Con- ferencing စနစ်ဖြင့် မဟုတ်ဘဲ လူကိုယ်တိုင် ရုံးထုတ်ခဲ့ခြင်းလည်းဖြစ်သည်။
“ကိုသန်းထိုက်အောင် ကျန်းမာရေး ကောင်းတယ်။ ပုဒ်မ ထပ်တိုးတာလည်း မရှိဘူး။ ဒီတခေါက် ရုံးချိန်းမှာ ရှေ့နေပါဝါ တင် တာနဲ့ နောက်ထပ်ရက်ချိန်း ယူတာပဲ ရှိတယ်”ဟု ယခုအမှုကို လိုက်ပါ ကူညီပေးနေသူတဦးက ပြောသည်။
Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်နှင့် ဘီဘီစီသတင်းထောက် ကိုအောင်သူရတို့ ၂ ဦးမှာ လွန်ခဲ့သည့် မတ် လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးရှေ့တွင် NLD ပါတီ နာယက ဦးဝင်းထိန်၏ ရုံးထုတ်ကို သတင်း ရ ယူနေစဉ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ထိုသို့ဖမ်းခံရပြီးနောက် ဘီဘီစီသတင်းထောက် ကိုအောင်သူရမှာ မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ သော်လည်း ကိုသန်းထိုက်အောင်မှာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ယနေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ခြင်း လည်း ဖြစ်သည်။
ကိုသန်းထိုက်အောင် အမှုအတွက် လာမည့် ရုံးချိန်းကို မေလ ၆ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နေပြည်တော် အခြေစိုက် သတင်းထောက် ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့မှာ ကိုသန်းထိုက်အောင်၊ ဘီဘီစီ သတင်းထောက် ကိုအောင်သူရနှင့် DVB သတင်းထောက်ဟောင်း လက်ရှိ အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်တို့ ဖြစ်သည်။
အလွတ်တန်း သတင်းထောက် ကိုအောင်ကိုကိုလတ်ကို ကိုလည်း ပုဒ်မ ၅၀၅ (က)ဖြင့် အရေးယူထားရာမှ ဖမ်းဆီးခံရပြီး တလအကြာ ဧပြီလ ၂၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။
ထိုကြောင့် ကိုသန်းထိုက်အောင်တဦးသာ ထိန်းသိမ်းခံထားရပြီး အချုပ်နှင့် တရား ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ သတင်းသမားပေါင်း ၇၀ နီးပါးရှိသည့် အနက် ၃၉ ဦးထက်မနည်း အချုပ်နှင့် တရားရင်ဆိုင်နေရသည်။
You may also like these stories:
ကျောက်ဆည်တွင် CRPH အဖွဲ့ဝင်များကို ဝင်ရှာရင်း စစ်တပ်က ပစ္စည်းများ လုယက်
EU အရေးယူမှုမှ စစ်ကောင်စီ နောက်လိုက် အချို့ကင်းလွတ်နေ
ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်အက် ဥပဒေအမှုအတွက် ရှေ့နေပါဝါ တရားရုံး လက်ခံ