ဇွန်လ ၅ ရက် စနေနေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းသည် နေပြည်တော်၌ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုသည် အာဆီယံကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံမှုအပြီး နောက်ဆက်တွဲဖြစ်သည်။
တရုတ်သတင်းဌာန CGTN ၏အဆိုအရ အိမ်နီးနားချင်းဖြစ်သော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိစေလိုကြောင်း၊ အာဆီယံ၏ တညီတညွတ်တည်းဖြစ်မှုကို ထောက်ခံကြောင်းနှင့် အပြုသဘော ဆက်ဆံရေးကို ဆက်ထိန်းသွားမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီး ချန်ဟိုင်းက ပြောဆိုသည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီးကလည်း မြန်မာနိုင်ငံတွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးပမ်းနေကြောင်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အာဆီယံ ဥက္ကဋ္ဌကိုယ်စား ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို အီရဝန် ယူဆော့ဖ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒါတို လင်မ်ဂျော့ဟွိုင်တို့သည် ကြာသပတေးညပိုင်းက နေပြည်တော်သို့ ရောက်ရှိလာပြီး သောကြာနေ့ မနက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
အာဆီယံအဖွဲ့သည် မြန်မာပြည်ခရီးစဉ် ပြီးဆုံးသည်နှင့် ရုံးစိုက်ရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ မပြန်ဘဲ အာဆီယံနှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲ ပြုလုပ်မည့် တရုတ်နိုင်ငံ ချုံချင့်မြို့သို့ ဇွန်လ ၆ ရက်မှ ၈ ရက်ထိ ခရီးဆက်မည်ဟုလည်း သိရသည်။
စစ်ကောင်စီဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရကမူ အာဆီယံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် အယုံအကြည်မရှိတော့ကြောင်း သောကြာနေ့တွင် ကျင်းပသော အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။ ယင်းသတင်းစာရှင်းလင်းပွဲ လုပ်နေစဉ် စစ်ကောင်စီက အင်တာနက်လိုင်းများကို တနိုင်ငံလုံး ဖြတ်ချပစ်ခဲ့သည်။
စစ်ကောင်စီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထူထောင်ထားသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် CMEC စီမံခန့်ခွဲသည့် အဓိကကော်မတီတခုကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယင်းစီမံကိန်းကို တွန်းလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံရှိ စီမံကိန်းများအတွက် အာဏာသိမ်း စစ်ကောင်စီသို့ ငွေချေးရန် တရုတ်ကျောထောက်နောက်ခံပြု အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ဘဏ် Asian Infrastructure Investment Bank -AIIB က တံခါးဖွင့်ထားကြောင်း စီးပွားရေး သတင်းစာကြီး Financial Times က ရေးသားခဲ့သည်။
သို့ရာတွင် စစ်ကောင်စီက ချေးယူသည့် ငွေများကို ၎င်းတို့အာဏာရသောအခါ တာဝန်ယူမည် မဟုတ်ကြောင်း အတိုက်အခံတို့က ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကြေညာထားသည်။
You may also like these stories:
စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား
မြန်မာနိုင်ငံ ဖရိုဖရဲ အခြေအနေက တရုတ်အတွက် အိပ်မက်ဆိုး ဖြစ်သည်
အာဆီယံအဖွဲ့ မြန်မာပြည် လာတော့မည်