အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ပါတီမှ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်၊ မကွေးတိုင်း ဝန်ကြီးချုပ် တာ ဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ အောင်မိုးညိုကို ပုဒ်မ ၅၀၅(ခ)ဖြင့် မကွေးမြို့ အကျဉ်းထောင်ရှိ အထူးတရားရုံးက အလုပ် နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုလို အာဏာသိမ်းခြင်းကို လက်မခံကြောင်း၊ CDM လှုပ် ရှားမှုကို လက်ခံကြောင်း ဒေါက်တာ အောင်မိုးညို ပြောဆိုခဲ့သည် ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်တွင် ပျံ့ နှံ့ခဲ့ခြင်းနှင့် NLD ဗ ဟိုအလုပ်အမှုဆောင် အဖွဲ့က ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အရ တာဝန်ရှိသည်ဟုဆိုကာ ယခုလို တရားစွဲခံရခြင်း ဖြစ်သည်။
ဒေါက်တာ အောင်မိုးညို၏ ရှေ့နေ ဦးမြင့်အောင်က“မတရား အာဏာသိမ်းတာကို လက်မခံကြောင်း ပြောထားတဲ့ ဗီဒီယိုဖိုင် နဲ့ သူအတွင်းအရေးမှူး ၃ တာဝန်ယူထားတဲ့ NLD အလုပ်မှုဆောင်အဖွဲ့က ထုတ်လိုက်တဲ့စာပေါ့။ အဲဒီလုပ်ဆောင်ချက် ၂ ခု ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတယ်ဆိုပြီးတော့မှ ၅၀၅ (ခ)နဲ့ စွပ်စွဲပြီးတော့မှ အခုလို ထောင်ချလိုက်တာ” ဟု ပြောသည်။
ဒေါက်တာ အောင်မိုးညိုသည် စစ်တပ်က အာဏာသိမ်းပြီးချင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အဖမ်းခံရပြီး ဖေဖော်ဝါရီလ
၂ ရက်နေ့တွင် နေအိမ်တွင် အစောင့်အရှောက်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယင်းအချိန်တွင် ဒေါက်တာ အောင်မိုးညိုက ဗီဒိယိုဖိုင်တခု ရိုက်ပြီး NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ထံ ပေးပို့ခဲ့ကြောင်း သိရသည်။
ဒေါက်တာ အောင်မိုးညို၏ အထက်ပါ ဗီဒီယို Message ကို NLD ပါတီ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ဖေဖော် ဝါရီလ ၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ယင်းဗီဒီယိုဖိုင်သည် နိုင်ငံတော် ငြိမ်ဝတ်ပိပြားရေးကို ထိခိုက်စေ၍ ဒေါက်တာ အောင်မိုးညိုတွင် တာဝန်ရှိကြောင်း အာဏာ သိမ်း စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာကို သိမ်းယူခြင်းသည် အ ခြေခံ ဥပဒေနှင့် ဆန့်ကျင်ကြောင်း ဗဟိုအလုပ်မှုဆောင် အဖွဲ့ ၏ သဘောထားကြေညာချက်ဟု ဆိုကာ NLD က ဖေဖော် ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အပေါ် ပါတီတွင် အတွင်းရေးမှူး ၃ တာဝန်ယူထားသည့် ဒေါက်တာ အောင်မိုးညို တွင် တာဝန်ရှိကြောင်း စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည်။
ထို့ကြောင့် ဒေါက်တာ အောင်မိုးညိုသည် ဖေဖော်ဝါရီလ ပထမပတ်ထဲတွင် ထိန်းသိမ်းခံရပြီးနောက် ၎င်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီး မကွေးတရားရုံးတွင် Video Conferencing စနစ်ဖြင့် စတင်ခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှု (CMP) စနစ်ဖြင့် ပြု လုပ်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။
နောက်ပိုင်းတွင် စစ်ကောင်စီဘက်က အစီအစဉ် ပြောင်းလဲခဲ့ပြီး မကွေးအကျဉ်းထောင်ထဲတွင် အထူးတရားရုံးဖြင့် ဧပြီလ ၆ ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး ရှေ့နေငှားရမ်းခွင့်၊ ရှေ့နေဖြင့် အမှု ပြန်လည် ထုတ်ချေခွင့်တို့ ရရှိခဲ့ကြောင်း သိရသည်။
ပုဒ်မ ၅၀၅(ခ)တွင် နိုင်ငံတော်အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ၊ ထိခိုက်စေသော ပြစ်မှုကို တဦး တ ယောက်သော ပုဂ္ဂိုလ်က ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူစု ကိုသော်လည်းကောင်း၊ ကြောက်ခြင်း ထိတ်လန့်ခြင်း ဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေရန် အကြောင်း ရှိလျှင်ဟု ဖော်ပြထားသည်။
“၅၀၅(ခ)က အလုပ်ဘာလို့ ပါတာလဲဆိုတော့ ထိုသူကို ထောင်ဒဏ်တမျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမယ်လို့ပဲပါတာ။ ဒီထဲမှာတော့ အလုပ်ဆိုတာတော့ မပါဘူး။ တရားသူကြီးကတော့ ထောင်ချတိုင်းမှာ အ လုပ်ထည့်ရမယ်လို့ တွက်ထားတာလား မသိဘူး။ နိုင်ငံရေးသမားဆိုရင်တော့ အရင်က အလုပ်ကြမ်း မခိုင်းဘူး။ အလုပ် မထည့်ရဘူး”ဟု ရှေ့နေ ဦးမြင့်အောင်က ပြောသည်။
အကျဉ်းထောင်ထဲရှိ မကွေးမြို့နယ် အထူးတရားရုံးက ဒေါက်တာ အောင်မိုးညိုကို ထောင်ဒဏ် ၂ နှစ် ချမှတ်ပြီးနောက် ထောင်တရားခွင်မှ ထောင်ထဲသို့ ပြန်ပို့ရန် ပြုလုပ်နေစဉ် ပွင့်ဖြူမြို့နယ် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ရဲစခန်းမှူးတို့ ထောင်ထဲသို့ ရောက်ရှိလာပြီး ၎င်းကို သဘာဝ ဘေးအန္တရာယ်ပုဒ်မ ၂၅ ဖြင့် ထပ်တိုးအရေးယူရန် ရှိကြောင်း ပြောဆိုခဲ့ သည်ဟု သိရသည်။
“ထောင်ထဲမှာရှိတဲ့ ပွင့်ဖြူမြို့နယ် တရားသူကြီးထိုင်တဲ့ တရားခွင်မှာ ရုံးထပ်ထုတ်ပြီးတော့ အမှုတင်ဖို့ အတွက်ကို ထောင် ထုတ် ဝရမ်းတွေဘာတွေ လုပ်နေတဲ့အချိန် ကျနော်တို့ ပြန်ခဲ့ရတယ်။ အဲဒီအမှုကိုလည်း ကျနော်တို့ပဲ ဆက်လုပ်ရမယ်”ဟု ရှေ့နေ ဦးမြင့်အောင်က ပြောသည်။
၎င်းက ဆက်၍“ဒေါက်တာကြီးရဲ့ (ဒေါက်တာ အောင်မိုးညို) ကျန်းမာရေးကောင်းတယ်။ နည်းနည်းလေး ပိန်တာကလွဲလို့ ကျန်တာ အကုန် ကောင်းတယ်။ ဦးတာနဲ့ ဒေါက်တာနဲ့က တယောက် တခန်းစီ နေရတယ်လို့ သိရတယ်။ အိမ်သာကတော့ တွဲရက်လို့ ပြောပါတယ်”ဟု ပြောသည်။
ဒေါက်တာ အောင်မိုးညိုကို သဘာဝဘေးပုဒ်မ ထပ်တိုးရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ၎င်း ဝန်ကြီးချုပ် တာဝန်ယူနေသည့်အချိန် ကိုဗစ်ကာလတွင် ပွင့်ဖြူမြို့နယ်ရှိ အစိုးရနှင့် သက်ဆိုင်သော အခမ်းအနားတခုကို ဖြစ်စေ၊ ပါတီနှင့် သက်ဆိုင်သော ရွေးကောက်ပွဲကာလ အခမ်းအနားတခုကို ဖြစ်စေ တက်ရောက်ခဲ့၍ ဖြစ်နိုင်ကြောင်း ရှေ့ နေ ဖြစ်သူက ပြောသည်။
NLD အစိုးရလက်ထက် မကွေးတိုင်း လွှတ်တော် ဥက္ကဌ ဦးတာနှင့် အစိုးရ အဖွဲ့ ဝန်ကြီးတဦး ဖြစ်သူ ဦးတင်နွယ်ဦးတို့သည် စလင်းမြို့နယ်ရှိ ကျေးရွာတရွာတွင် မီးလင်းရေးကိစ္စ သွားရောက်ခဲ့သဖြင့် ယခုအခါ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲခံထားရသည်။
စစ်ကောင်စီက NLD ခေါင်းဆောင် အများစုကို သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မများဖြင့် အရေးယူလျက်ရှိပြီး NLD ပါ တီ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့မှာလည်း ယင်းပုဒ်မဖြင့် အမှုရင် ဆိုင်နေရသည်။
ယခုလို ဒေါက်တာ အောင်မိုးညိုကို သဘာဝဘေးပုဒ်မဖြင့် ထပ်တိုးမှု အပါအဝင် NLD ခေါင်းဆောင်များကို အရေးယူနေ သော်လည်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုဗစ်ကာလတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပြုလုပ်ခဲ့သည့် တံတားဖွင့်ပွဲတွင် မည်သည့် အကာအကွယ်မှ မရှိဘဲ လူစုလူဝေးပြုလုပ်ခဲ့သည်ကို မေးခွန်းထုတ်လိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ မှ ဦးထွန်းကြည်က ပြောသည်။
“ဒေါက်တာအောင်မိုးညိုကို ၅၀၅ (ခ)နဲ့ ထောင် ၂ နှစ် ချတယ်။ ချပြီးရုံပဲ ရှိသေးတယ်။ သဘာဝဘေး ထပ်တိုးတယ်။ သူကျ တော့ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ ပုံစံမျိုးသည် ဥပဒေချိုးဖောက်တာပဲ။ ဥပဒေကို လေးစားလိုက်နာမှု လုံးဝ မရှိဘူး။ သူ့မှာလည်း အပြစ်ရှိတယ်”ဟု ၎င်းက ပြောသည်။
ဒေါက်တာ အောင်မိုးညိုသည် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေး ကောက်ပွဲ ၄ ခု စလုံးတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် နိုင်ငံရေးသမားတဦး ဖြစ်သည်။
သူသည် ၁၉၈၂ ခုနှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်း ပြုနေစဉ် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ပွားသည့်အခါ ပါဝင်လာခဲ့ပြီး ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေးမှုဖြင့် ထောင်ကျခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ် မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြောက်ခံရပြီး ၂၀၁၆ ခုနှစ်တွင် NLD ပါတီ အစိုးရ ဖွဲ့ နိုင်သည့်အခါ မကွေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
You may also like these stories:
တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်၊ ဝန်ကြီးတချို့ ယနေ့ ပြန်လွတ်လာ
အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွှေ့ပြောင်း
အာဏာသိမ်း စစ်ကောင်စီလက်ထက် နိုင်ငံရေးအကျဉ်းသားများ