ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်းသည် ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ထိုင်းသတင်းဌာန Thai PBS က ရေးသည်။
ထိုခရီးစဉ်ကို မူလက ယခုအပတ်အတွင်း စီစဉ်ထားသော်လည်း မြန်မာမှ လုပ်ငန်းဆိုင်ရာ ပြဿနာအချို့ကြောင့် ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်ဟု သတင်းက ပြောသည်။ မစ္စတာ ပရက်သည် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးနှင့် ASEAN ၏ ရှေ့လုပ်ငန်းစဉ်များကို လွန်ခဲ့သောလကုန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလက ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာတွင် သိသာသော တိုးတက်မှု ရရှိရေးအတွက် ထိုဒုတိယခရီးစဉ်သည့် အရေးပါမည်ဖြစ်ကြောင်း သတင်းက ရေးသော်လည်း အသေးစိတ် မသိရပါ။
ASEAN ဥက္ကဋ္ဌသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက အခြားအရေးပါသူများနှင့်လည်း တွေ့ခွင့်တောင်းထားသည်။
ဘုံသဘောတူညီချက် ၅ ချက် အပြည့်အဝ အကောင်အထည်ဖော်ရေးကို စစ်ကောင်စီက လုပ်ဆောင်ခြင်း မရှိပေ။ အချို့ ASEAN နိုင်ငံများက စိတ်ပျက်ကြောင်း ဖော်ပြပြီး အဝေးရောက် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုမည်ဟု ခြိမ်းခြောက်နေသည်။ မလေးရှားနိုင်ငံသည် NUG ကိုယ်စားလှယ်များနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်။
လူသားချင်းစာနာမှု အကူအညီပေးရေးနှင့် ရှေ့လုပ်ငန်းစဉ်များတွင် တိုးတက်မှုအချို့ ရရှိထားကြောင်း သတင်းက ပြောသည်။ ASEAN သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းရေးစင်တာနှင့် ASEAN ၏ လိုအပ်ချက်အကဲဖြတ်အဖွဲ့များသည် ကာကွယ်ဆေး အပါအဝင် လူသားချင်းစာနာမှု အကူအညီများကို ထိခိုက်ဒေသ အားလုံးသို့ ဖြန့်ချိရေးအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲနိုင်မည်ဟု မစ္စတာ ပရက် မျှော်လင့်နေသည်။
သို့သော် NUG နှင့် ၎င်း၏ မဟာမိတ်များကမူ လူသားချင်းစာနာမှု အထောက်အပံ့များအား လူ့အခွင့်အရေး အလွန်အမင်း ချိုးဖောက်နေသည့် စစ်ကောင်စီသို့ မပေးအပ်ရန် တောင်းဆိုနေကြသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေကတွင် ASEAN ဥက္ကဋ္ဌသည် မြန်မာသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးအတွက် ASEAN လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းအစည်းအဝေး (AHA) ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပပြီး ထိုအစည်းအဝေးမှ အဓိက ရလဒ် ၃ ခု ရရှိခဲ့သည်။
ထိုအချက်များမှာ ASEAN လူသားချင်းစာနာမှု အကူအညီပေးပို့ရေး မူဘောင်၊ လူသားချင်းစာနာမှု အကူအညီပေးပို့ရာတွင် ရင်ဆိုင်ရမည် လုပ်ငန်းအခက်အခဲများ ဖြေရှင်းရေးနှင့် ကိုဗစ်နိုင်တင်း ကာကွယ်ဆေးထိုးခြင်းတို့ ဖြစ်သည်။
မစ္စတာ ပရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရှင်းလင်းချက်များအရ AHA စင်တာသည် လူသားချင်းစာနာမှု စီမံချက် အကောင်အထည်ဖော်ရေးတွက် မြန်မာမှ အထူးအဖွဲ့တခုနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီပေးရေး နည်းလမ်းရှာရန်၊ အုပ်ချုပ်ရေးနှင့် ဥပဒေဆိုင်ရာ လိုအပ်ချက်များကို အဆင်ပြေအောင်လုပ်ပေးရန် သဘောတူထားသည်။ စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း ASEAN ၏ လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက် ထောက်ခံရန် ကတိပြုထားကြောင်း မစ္စတာ ပရက်က ပြောသည်။
ကိုးကား။ ။ Thai PBS သတင်း ASEAN special envoy to visit Myanmar later this month
You may also like these stories:
NUG နှင့် တွေ့ဆုံရန် အာဆီယံ အထူးသံတမန် တွန်းအားပေးမှု စစ်ကောင်စီ ပယ်ချ
NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို
သက်ဆိုင်သူများ မပါသည့် အကူအညီပေးရေး လုပ်ငန်းစဉ် ရပ်ရန် NUG နှင့် EAOs သုံးဖွဲ့တိုက်တွန်း
ASEAN အစီအစဉ် စစ်ကောင်စီ လေးစားရန် ကမ္ဘောဒီးယားနှင့် ဂျပန်ခေါင်းဆောင်များ တိုက်တွန်း
ASEAN အထူးသံတမန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆာဆာကာဝါကို ဟွန်ဆန် တိုက်တွန်း
မြန်မာအကျပ်အတည်းက အာဆီယံကို စိန်ခေါ်နေ