ASEAN ထိပ်သီးဆွေးနွေးပွဲတွင် ဟွန်ဆန်က အဖိုးတန်နာရီများ လက်ဆောင်ပေးမည်
အဖိုးတန် လက်ပတ်နာရီများကို အရူးအမူး နှစ်သက်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် လက်ရာမြောက်သော ပြည်တွင်းဖြစ် အဆင့်မြင့် လက်ပတ်နာရီများကို ယခုအပတ်ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီး ဆွေးနွေးပွဲ အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်မည်ဖြစ်သည်။
တနိုင်ငံလုံး ဆင်းရဲနွမ်းပါးနေစဉ် ကမ္ဘောဒီးယားနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့သော မစ္စတာ ဟွန်ဆန်သည် မကြာသေးမီ နှစ်များအတွင်း တလုံးလျှင် ဒေါ်လာ ၁ သန်းကျော်တန်သည့် Patek Phiippe နှင့် Richard Mille အပါအဝင် အဖိုးတန်နာရီများ ဝတ်ဆင်ပြီး ဓာတ်ပုံအရိုက်ခံသောကြောင့် အများပြည်သူ စူးစမ်းလေ့လာမှု ခံရသူဖြစ်သည်။
မစ္စတာ ဟွန်ဆန်က သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင်တင်သော ပုံများတွင် ရွှေလက်တံများ တပ်ဆင်ပြီး ထွင်းဖောက်မြင်နိုင်သော ကိုယ်ထည်နှင့် အညိုရောင် သားရေလက်ပတ်ကြိုး တပ်ဆင်ထားသည့် အလုံးရေ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်သော လက်ပတ်နာရီများကို အနီးကပ် ရိုက်ပြထားသည်။ ထိုနာရီများတွင် ASEAN Cambodia 2022 နှင့် Made in Cambodia ဆိုသည့် စာတန်းကိုလည်း တောက်ပစွာ ရေးထိုးထားသည်။
“ဒီလက်ပတ်နာရီတွေကို ကမ္ဘောဒီယား ပညာရှင်တွေကပဲ ထုတ်လုပ်တပ်ဆင်ထားပြီး ဒါဟာ ကမ္ဘောဒီးယားရဲ့ သိပ္ပံနဲ့ နည်းပညာတိုးတက်မှုရဲ့ တစိတ်တပိုင်းဖြစ်တယ်” ဟု မစ္စတာ ဟွန်ဆန်က ထိုလက်ပတ်နာရီ ၂၅ လုံးအကြောင်း ရေးသားထားသည်။
ကြာသပတေးနှင့် သောကြာနေ့များတွင် ASEAN ထိပ်သီး ဆွေးနွေးပွဲအပြီး ယခုအပတ်ကုန် ဖနွမ်ပင်တွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်သူများတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်လည်း ပါဝင်သည်။
ဗီဒီယိုတခုတွင် ထိုလက်ပတ်နာရီတလုံး၏ အတွင်းစက်ကိရိယာများကို ပြသထားပြီး “tourbillion” နှင့် “twenty-five jewel ဆိုသည့် စာတန်းများ ရေးထိုးထားကာ ကမ္ဘောဒီးယား လက်ပတ်နာရီ ထုတ်လုပ်ရေးလုပ်ငန်း Prince Horology ၏ အမည်ကို ဖော်ပြထားသည်။
ထိုကမ္ဘောဒီယားလုပ် လက်ပတ်နာရီများ၏ တန်ဖိုးကို လူသိရှင်ကြား ကြေညာခြင်း မရှိပေ။
အထက်ပါ ဓာတ်ပုံနှင့် ဗီဒီယိုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ဂဏန်း ၆ လုံးအထိ တန်ပြီး လက်ရာမြောက်ရန် အထူးလိုအပ်သည့် အဆင့်မြင့် tourbillion စက်ယန္တရားကို ပြသနေပုံရကြောင်း ကျွမ်းကျင်သူတဦးက ပြောသော်လည်း ထိုကမ္ဘောဒီးယားလုပ် နာရီများ၏ တန်ဖိုးကို အတိအကျ ခန့်မှန်းရန် ငြင်းဆန်သည်။
“အဲဒီစနစ်က အချိန်တိကျဖို့အတွက် အရေးမပါဘူး။ ဒါပေမယ့် အဖိုးတန် လက်ပတ်နာရီတွေရဲ့ အဆင့်မြင့် သွင်ပြင်အဖြစ် ဈေးကွက်တင်ကြတယ်” ဟု တန်ဖိုးကြီးနာရီများကို အထူးပြုသည့် စင်ကာပူအခြေစိုက် Revolution မဂ္ဂဇင်း အယ်ဒီတာ Jeremiah Chen က ပြောသည်။
ထိုနာရီများနှင့် ပတ်သက်သည့် အသေးစိတ်များအား ထပ်မံမေးမြန်းသည်ကို ဝန်ကြီးချုပ်ရုံးက အကြောင်း ပြန်ကြားခြင်း မရှိသလို တရုတ်-ကမ္ဘောဒီးယား လုပ်ငန်းရှင် ချန်ကျီ၏ Prince Group က ပိုင်ဆိုင်သည့် Prince Horology ကိုလည်း ဆက်သွယ်နိုင်ခြင်း မရှိပေ။
ထိုသို့တန်ဖိုးကြီးသော လက်ဆောင်များပေးသည်ကို ကမ္ဘောဒီးယား နိုင်ငံသားအချို့က ဝေဖန်ကြသော်လည်း အချို့က နိုင်ငံ၏ ထွန်းကားလာသည့် လက်ပတ်နာရီလုပ်ငန်း ရည်မှန်းချက်အတွက် မစ္စတာ ဟွန်ဆန်ကို ချီးကျူးကြသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး လက်ပတ်နာရီ ထုတ်လုပ်ရေးသင်တန်းတွင် ဆွစ် ကျွမ်းကျင်သူများကို ခန့်အပ်ထားပြီး ၂၀၁၉ ခုနှစ်က စတင် ဖွင့်လှစ်သည်။
“ဒီလက်ပတ်နာရီက ကျနော်တို့နိုင်ငံကို အမှန်တကယ် ကိုယ်စားပြုတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် ရာမန်နက် ဟီအာက ပြောသည်။ ခမာတွေက ဒါကိုလုပ်ပြီး ကမ္ဘာ့ဇာတ်ခုံကို ဝင်ရောက်လာတာကို ပြသလိုက်တာပဲ” ဟုလည်း သူကပြောသည်။
မစ္စတာ ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ ပြောခွင့်ရသူ ဆော့အီဆန်က ထိုလက်ပတ်နာရီများသည် နိုင်ငံရေး မဟုတ်သလို ထူးဆန်းမှုလည်း မရှိကြောင်းပြောသည်။
“ခေါင်းဆောင်တွေကို အမှတ်တရ လက်ဆောင်ပေးတာက အိမ်ရှင်နိုင်ငံရဲ့ မေတ္တာကို ဖော်ပြတယ်” ဟုလည်း ဖုန်းဖြင့် ဖြေသည်။
ယခင် ASEAN နိုင်ငံများကပေးသော လက်ဆောင်များတွင် အိမ်ရှင်နိုင်ငံထွက် လက်မှုပစ္စည်းများကို ပေးအပ်လေ့ရှိပြီး ငွေဖြင့်ပြုလုပ်ထားသည့် ပန်းကုံးငယ်များကို ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံက လက်ဆောင်ပေးသည်။
ကိုးကား။ ။ Bangkok Post သတင်း Hun Sen giving out pricey watches at Asean summit
You may also like these stories:
မြန်မာကို အာဆီယံ လတ်တလောအတိုင်း ဆက်ထားဦးမည်
မြန်မာအကျပ်အတည်းက အာဆီယံကို စိန်ခေါ်နေ
မြန်မာ စစ်အာဏာသိမ်း တနှစ်ကြာသည်ထိ အာဆီယံ အစွမ်းအစမဲ့နေ
“သွေးသောက်ညီအကို”အဖြစ် သဘောထားရန် စစ်ကောင်စီခေါင်းဆောင်က ဟွန်ဆန်ကို ပြော