၁၆ ရာစု အစောပိုင်းကာလက ဥရောပတိုက်တွင် မာတင်လူသာဟူသော ပုဂ္ဂိုလ်တဦး ပေါ်ပေါက်ခဲ့ဖူးသည်။ (၂၀ ရာစု လူမည်းအခွင့်အရေး လှုပ်ရှားသူ မာတင်လူသာကင်း ဂျူနီယာ မဟုတ်ပါ။) မာတင်လူသာသည် မူလအစက ကက်သလစ်ဘုန်းတော်ကြီးတပါးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထိုကာလအတွင်း သူသည် ပုပ်ရဟန်းမင်းကြီး အပါအဝင် ကက်သလစ်ဘုန်းတော်ကြီးများ၏ အကျင့်ပျက် ခြစားမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ အထူးသဖြင့် ကက်သလစ်ကျောင်းတော်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် (Indulgence) များ ရောင်းချခြင်းကို မာတင်လူသာအနေဖြင့် မကျေမချမ်းဖြစ်ခဲ့ရသည်။
ကက်သလစ် ခရစ်ယာန်တို့၏ အယူအရ ပုပ်ရဟန်းမင်းကြီးသည် ဘုရားသခင်၏ အကြွင်းမဲ့အာဏာ အပ်နှင်းခံထားရသည့် ပုဂ္ဂိုလ်ဖြစ်ပြီး မည်သည့်အပြစ်ကိုမဆို ကျေအေးခွင့်လွှတ် ပေးနိုင်သည့်အာဏာ ပုပ်ရဟန်းမင်းကြီးထံတွင် ရှိသည်ဟု ယုံကြည်ကြသည်။
မာတင်လူသာ၏ လက်ထက်တွင် ပုပ်ရဟန်းမင်းကြီးသည် ငွေကြေးလိုအပ်သဖြင့် ပိုက်ဆံပေးနိုင်သည့် အတိုင်းတိုင်းအပြည်ပြည်မှ ရှင်ဘုရင်၊ မြို့စားနယ်စား၊ သူဌေးသူကြွယ်တိုင်းအား ပြုလုပ်ထားသမျှ အပြစ်အစုံစုံတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလျက်ရှိလေသည်။ မာတင်လူသာသည် ပုပ်ရဟန်းမင်းကြီး၏ အပြုအမူအား အခွင့်အာဏာ အလွဲသုံးစားမှုဟူ၍ ရှုမြင်လာသည်။
တနေ့တွင် မာတင်လူသာသည် ဂျာမနီနိုင်ငံ၊ ဝစ်တင်ဘတ်မြို့၏ ဘုရားကျောင်းတံခါးဝတွင် ကတ်သလစ် ကျောင်းတော်၏ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်ချစားမှုတို့ကို မေးခွန်းထုတ်သည့် အချက် ၉၅ ချက် (Ninety-five Theses) ပါ စာတစောင်ကို ကပ်လိုက်လေသည်။
တနေ့တွင် မာတင်လူသာသည် ဂျာမနီနိုင်ငံ၊ ဝစ်တင်ဘတ်မြို့၏ ဘုရားကျောင်းတံခါးဝတွင် ကတ်သလစ် ကျောင်းတော်၏ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်ချစားမှုတို့ကို မေးခွန်းထုတ်သည့် အချက် ၉၅ ချက် (Ninety-five Theses) ပါ စာတစောင်ကို ကပ်လိုက်လေသည်။
ဤသည်မှစ၍ ကက်သလစ်ကျောင်းတော်၏ အာဏာအား ဆန့်ကျင်သည့် လှုပ်ရှားမှုသည် ဥရောပတိုက် တတိုက်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။ နှစ်ပေါင်း ၅၀၀ အကြာ ၂၁ ရာစုသို့ ရောက်သောအခါတွင်ကား မာတင်လူသာ စတင်ခဲ့သည့် ခရစ်ယာန်သာသနာ ပြုပြင်ပြောင်းလဲရေး၏ အရှိန်ကြောင့် အင်ဂလီကန်၊ နှစ်ခြင်း၊ လူသာရင် စသည်ဖြင့် ခရစ်ယာန်ဂိုဏ်းကွဲ အမျိုးမျိုး ရှိနေကြပြီဖြစ်လေသည်။ ပုပ်ရဟန်းမင်းကြီးသည်လည်း ကမ္ဘာတဝန်းလုံးရှိ ခရစ်ယာန်ဘာသာဝင် အားလုံးအပေါ် သြဇာလွှမ်းမိုးနိုင်ခြင်း မရှိတော့ပြီ။
လက်ရှိ မြန်မာနိုင်ငံတွင်မူကား စစ်ကောင်စီနှင့်နီးစပ်သည့်၊ စစ်ကောင်စီ၏ ပံ့ပိုးကူညီခြင်းကို ခံထားရသည့် ဘုန်းတော်ကြီးများ၏ အရှိန်အဝါကား နေလိုလလို တောက်ပလျက်ရှိသည်။ အဆိုပါ ဘုန်းတော်ကြီးများ၏ ဇိမ်ခံပစ္စည်းများ သုံးစွဲမှု၊ ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် ဇိမ်ခံ မော်တော်ကားကြီးများ စီးနင်းမှု၊ ကောင်းပေ့ညွန့်ပေ့ဟူသည့် ထမင်းဟင်းလျာများ ဘုဉ်းပေးသုံးဆောင်မှုများနှင့် ပက်သက်သည့် သတင်းများသည် လူမှုကွန်ရက်ပေါ်တွင် ပလူပျံလျက်ရှိသလို ယင်းဘုန်းတော်ကြီးများ၏ စည်းစိမ်ပြည့်ဝသည့် ဘဝနေထိုင်မှု ပုံစံသည် လူအများ (အထူးသဖြင့် လူငယ်ထု) ၏ ဝေဖန်ခြင်းကို ခံနေရလျက်ရှိသည်။
နာမည်ကြီး ဘုန်းတော်ကြီးများသည် ထိုကဲ့သို့ သီတင်းသုံး နေထိုင်နေကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးမှသာ လူထု၏ ဝေဖန်မှုသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ စစ်အာဏာမသိမ်းမီက ဘုန်းတော်ကြီးတို့၏ ဘဝနေထိုင်ပုံ နေထိုင်နည်းနှင့် ပတ်သက်၍ ဝေဖန်ကြသူများမှာ လူငယ်အနည်းစုသာ ရှိခဲ့သည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/08/martinluthat-569x900.jpg)
အာဏာသိမ်းပြီးနောက် ဝေဖန်မှုများ မြင့်တက်လာရသည့် အကြောင်းရင်းတို့တွင် အဆိုပါ နာမည်ကြီး ဘုန်းတော်ကြီးတို့သည် စစ်အာဏာသိမ်းမှုနှင့် ပြည်သူအများ၏ အသက်အိုးအိမ် စည်းစိမ်တို့ ပျက်စီးဆုံးရှုံးမှုအပေါ် နှုတ်ဆိတ်နေကြခြင်း၊ စစ်ကောင်စီမှ စီစဉ်ကျင်းပသည့် ဘာသာရေး အခမ်းအနားတို့အား တက်ရောက်ခြင်း၊ စစ်ကောင်စီမှ ဆက်ကပ်သည့် ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ်များအား လက်ခံရယူခြင်းတို့သည် အဓိက အကြောင်းရင်းများ ဖြစ်ကြသည်။
မေတ္တာတရားနှင့် ခြိုးခြံချွေတာမှုကို ဟောကြားတော်မူသည့် မြတ်စွာဘုရား၏ နောက်လိုက်တပည့် သံဃာတော်များက ဘုရားရှင်၏ စကားတော်အား ဆန့်ကျင် ပြုမူနေကြသည်ကို တွေ့မြင်ရသည့် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ စိတ်ထဲတွင် မယုံကြည်နိုင်မှုများ၊ ဒေါသထွက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။
မကြာသေးမီ ကာလကလည်း မှော်ဘီမြို့မှ ဂျပန်ဘုရားဟု နာမည်ကျော်ကြားသည့် ရုပ်ပွားတော်ပေါင်းများစွာ သီတင်းသုံးနေသည့်ကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် မွေးနေ့ပွဲအား ရန်ကုန်မြို့ရှိ ထိပ်တန်းဟိုတယ်တခုဖြစ်သည့် Lotte ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မကြာသေးမီ ကာလကလည်း မှော်ဘီမြို့မှ ဂျပန်ဘုရားဟု နာမည်ကျော်ကြားသည့် ရုပ်ပွားတော်ပေါင်းများစွာ သီတင်းသုံးနေသည့်ကျောင်းမှ ကျောင်းထိုင်ဆရာတော်သည် မွေးနေ့ပွဲအား ရန်ကုန်မြို့ရှိ ထိပ်တန်းဟိုတယ်တခုဖြစ်သည့် Lotte ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုမွေးနေ့ပွဲ၏ ကုန်ကျစရိတ်မှာ ဒေါ်လာထောင်နှင့်ချီသည်ဟု သိရသည်။
တဦးချင်း တနှစ်စာ ပျမ်းမျှဝင်ငွေ ဒေါ်လာ ၄ ထောင်သာရှိသော မြန်မာနိုင်ငံတွင် အဆိုပါ ကုန်ကျစရိတ်သည် များပြားလွန်းလှသည် ဆိုရမည်။ ထိုမျှမကသေး။ အဆိုပါ ဆရာတော်သည် မွေးနေ့ပွဲအပြီးတွင် ပြင်ဦးလွင်မြို့သို့ သွားရောက်၍ ဇိမ်ခံအိမ်တမျှ ကြီးကျယ်ခမ်းနားလှသည့် ကျောင်းဆောင်တခုအား သွားရောက်ကြည့်ရှုခဲ့သလို တနေရာမှတနေရာသို့ သွားလာရာတွင်လည်း ဒေါ်လာသိန်းချီ တန်ဖိုးရှိသည့် ဇိမ်ခံကားနှင့် သွားလာတတ်သည်။ ထိုအပြုအမူများသည် ဘုရားရှင်၏ ကိုယ်ကျိုးမငဲ့ဘဲ သတ္တဝါများအား ကယ်တင်သည့် ကျင့်စဉ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိလေသည်။
တိုင်းပြည်ပိုက်ဆံဖြင့် ဘုရားတည်ကြခြင်း
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ အလှူအတန်း ရက်ရောမှုအပေါ် ဂုဏ်ယူတတ်လေ့ ရှိကြသည်။ လက်ညှိုးထိုးမလွဲ ရွှေရောင်တဝင်းဝင်း တောက်ပနေသည့် ဘုရားစေတီများ ရှိနေမှုအပေါ်တွင်လည်း မြန်မာတို့သည် ဂုဏ်ယူဝင့်ကြွားလေ့ ရှိကြသည်။ မှန်ပါသည်။ သဒ္ဓါတရားရှိမှုသည် ဂုဏ်ယူထိုက်သည့် အရာတခုဖြစ်ပါသည်။
ဆင်းရဲနွမ်းပါးသူ၊ နာမကျန်းဖြစ်သူတို့အား ကြည့်ရှုစောင့်ရှောက်သည့် ပရဟိတအဖွဲ့များစွာ မြန်မာနိုင်ငံတွင်း၌ ရှိနေကြရသည့် အကြောင်းရင်းမှာလည်း သဒ္ဓါတရား ထက်သန်မှုကြောင့်ပင် ဖြစ်ပါသည်။ ပြီးခဲ့သည့် သုံး၊ လေးနှစ်လောက်က အဖွဲ့အစည်းတခုမှ ကောက်ယူသော စစ်တမ်းတခု၌ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဒ္ဓါတရား အကောင်းဆုံး နိုင်ငံတနိုင်ငံအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်ကို မှတ်မိနေပါသေးသည်။ ဤကဲ့သို့သော အဖြစ်အပျက်တို့သည် ဂုဏ်ယူဖွယ် ဖြစ်ပါသည်။
ထို့ကြောင့်ပင် ခေတ်အဆက်ဆက်က မြန်မာတို့သည် ဘုရားတည်သူ၊ ကျောင်းဆောက်သူ၊ ရဟန်းသံဃာများအား ပေးကမ်းထောက်ပံ့သူများကိုသာ မင်းကောင်းမင်းမြတ်အဖြစ် သတ်မှတ်ယူဆခဲ့ကြပါသည်။ မင်းအဆက်ဆက်တို့ကလည်း ပြည်သူတို့၏ အမြင်တွင် မင်းကောင်းမင်းမြတ် ဖြစ်လာစေရန်အတွက် ခမ်းနားကြီးကျယ်သော စေတီပုထိုးများကို တည်ထားကိုးကွယ် ခဲ့ကြပါသည်။
ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရသည်ပင်လျှင် သာသနာဆိုင်ရာ ဘွဲ့ဆံဆိပ်တော်များကို ဆပ်ကပ်ခဲ့ရလေသေးသည်။ လွတ်လပ်ရေးရပြီး ကာလတွင်လည်း အစိုးရအဆက်ဆက်တို့သည် သာသနာပြု မင်းကောင်းမင်းမြတ်များ ဖြစ်အောင် ကြိုးပမ်းခဲ့ကြပါသည်။
ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရသည်ပင်လျှင် သာသနာဆိုင်ရာ ဘွဲ့ဆံဆိပ်တော်များကို ဆပ်ကပ်ခဲ့ရလေသေးသည်။ လွတ်လပ်ရေးရပြီး ကာလတွင်လည်း အစိုးရအဆက်ဆက်တို့သည် သာသနာပြု မင်းကောင်းမင်းမြတ်များ ဖြစ်အောင် ကြိုးပမ်းခဲ့ကြပါသည်။
ဤအထိသည် ပြဿနာ မရှိသေးပေ။ ပြဿနာရှိလာသည်ကား ဘာသာရေးနှင့် လားလားမျှ မသက်ဆိုင်သည့် နိုင်ငံအုပ်ချုပ်ရေး နယ်ပယ်အတွင်းသို့ ဘာသာရေးလွှမ်းမိုးမှုများ ဝင်ရောက်လာခြင်းပင် ဖြစ်ပါသည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/08/marthinluthar.jpeg)
သိပ်မကြာသေးခင် ကာလက ဗဟိုဘဏ်ကဲ့သို့သော နိုင်ငံအုပ်ချုပ်ရေးတွင် အလွန်အရေးပါသည့် အင်စတီကျူးရှင်းတခုသည် ဆင်ဖြူတကောင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေစက္ကူအမျိုးအစားသစ်ကို ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အစိုးရတရပ်မှ ငွေစက္ကူအသစ်တခု ထုတ်ဝေခြင်းသည် အင်မတန် အကျိုးဆက်ကြီးမားသည့် လုပ်ရပ်တခုဖြစ်သည်။ ထိုကဲ့သို့ အရေးပါသည့် လုပ်ရပ်တခုအား တိရစ္ဆာန်တကောင်၏ မွေးနေ့အပေါ် အခြေခံခြင်းသည် နိုင်ငံအုပ်ချုပ်မှုအပေါ် ဘာသာရေးလွှမ်းမိုးမှု များပြားနေခြင်း၏ သာဓကပင် ဖြစ်ပါသည်။
နောက်ထပ် ကြီးမားသည့် ပြဿနာတရပ်မှာကား ဘုရားတည်သည့် ပြဿနာပင် ဖြစ်သည်။ အစိုးရအဆက်ဆက်သည် ခမ်းနားကြီးကျယ်သည့် ဘုရားစေတီများကို တည်ထားခဲ့ကြသော်လည်း ထိုဘုရားစေတီများ တည်ထားရန် ကုန်ကျသည့် ငွေကြေးအားလုံးသည် မည်သည်မှ ရရှိသည်ကို အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိကြချေ။
အလှူရှင်များအနေဖြင့် မိမိပိုင်ငွေဖြင့် ဘုရားစေတီ တည်ထားခြင်းကို ဝေဖန်လိုခြင်း မရှိသော်လည်း နိုင်ငံပိုင်ငွေဖြင့် ဘုရားတည်ထားသော အခါတွင်တော့ ပြဿနာရှိလာသည်။ မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဘက်ဘက်က နိမ့်ကျနေသော နိုင်ငံတနိုင်ငံဖြစ်ပြီး နိုင်ငံ၏ နည်းပါးလှသော အရင်းအမြစ်များအား ဘုရားတည်သည်ထက် ပို၍အကျိုးပြုသော နေရာများတွင် အသုံးပြုရမည့်အစား ဘုရားစေတီများ တည်ထားခြင်းသည် မဖြစ်သင့်သော လုပ်ရပ်တခုဖြစ်ပါသည်။
မကြာသေးမီ ကာလက စစ်ကောင်စီသည် မန္တလေးရှိ ကုသိုလ်တော်ဘုရားကဲ့သို့ ကျောက်စာအချပ်ရေ များပြားစွာ စိုက်ထူထားသည့် စကျင်ကျောက်ဘုရားတဆူကို တည်ထားခဲ့ပြီး ဘုရားဖွင့်ပွဲကိုလည်း ကြီးကျယ်ခမ်းနားစွာ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သည်။ နိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူတို့ ဆင်းရဲကြပ်တည်းနေချိန်တွင် ဘုရားဖွင့်ပွဲကြီးကို ကျင်းပခဲ့ခြင်းမှာ ရွေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဟူသော စကားပုံကဲ့သို့ ဖြစ်နေလေတော့သည်။
ဘုရားဖွင့်ပွဲတွင် မဟန၏ ဒုဥက္ကဋ္ဌဖြစ်သူ ကျောက်မဲဆရာတော်က “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟု အဓိပ္ပာယ်ရသည့် ဩဝါဒကို မြွက်ကြားခဲ့ပြီး ဩဝါဒအဆုံးတွင် သာဓုခေါ်ကြချိန်၌ စစ်ခေါင်းဆောင်မှ လက်အုပ် မချီခြင်းသည် ပြည်သူများအကြားတွင် ပြောစမှတ်ပြုစရာ ဖြစ်ခဲ့သည်။
ဤကဲ့သို့သော အပြုအမူသည် သာသနာပြု မင်းကောင်းမင်းမြတ်ဟု အမည်ခံထားသူတို့က ဗုဒ္ဓမြတ်စွာဘုရား၏ ဩဝါဒကို လိုက်နာခြင်း မရှိတော့ကြောင်း၊ သာသနာကြီးအား သန့်ရှင်းစင်ကြယ်အောင် ပြုပြင်ပြောင်းလဲရန် လိုနေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။
နိဂုံးချုပ်ရသော် မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးများ၏ အပြုအမူများနှင့် နိုင်ငံအုပ်ချုပ်မှုအပေါ် ဘာသာရေး၏ လွှမ်းမိုးမှုသည် မြန်မာနိုင်ငံအား ချောက်ထဲ မကျ ကျအောင် တွန်းပို့နေသော စွမ်းအားများ ဖြစ်ကြပါသည်။ ထို့ကြောင့် နိုင်ငံအား ပိုမိုကောင်းမွန်သည့် လမ်းပေါ်သို့ တွန်းတင်ပေးမည့် ဗုဒ္ဓဘာသာမျိုးဖြစ်အောင် ပြုပြင်ပြောင်းလဲပေးနိုင်သည့် မာတင်လူသာများ ပေါ်ပေါက်လာစေရန် မျှော်လင့်လျက် …။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM ကျောင်းသားတဦးဖြစ်သည်။)
You may also like these stories:
ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ
အာဏာသိမ်း စစ်ကောင်စီ ဘာသာရေး၊ လူမျိုးရေး အသုံးချပြီး အာဏာတည်မြဲရေးကြိုးစား
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်
စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်