လာမည့်လမှာ ပြုလုပ်မယ် သြစတြေးလျ ရေတပ်၊ လေတပ်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ရေတပ်က ရေငုပ်သင်္ဘောတစီး ပူးပေါင်းပါဝင်ဖို့ ရှိတယ်လို့ The Japantimes သတင်းက ဖော်ပြပါတယ်။ သြစတြေးလျ ရေပိုင်နက်မှာ ကျင်းပမယ့် စစ်ရေးလေ့ကျင့်မှုကို ဂျပန်ရေတပ်မတော်မှ Soryu အမျိုးအစား ရေငုပ်သင်္ဘော တစီး ပါဝင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာချက်မှာတော့ သြစတြေးလျရဲ့ မျိုးဆက်သစ်ရေငုပ်သင်္ဘောတည်ဆောက် ရေးမှာ ဂျာမနီ၊ ပြင်သစ်တို့နဲ့ အပြိုင် ဂျပန်လည်း ဝင်ရောက်ဖို့ရှိနေတဲ့အတွက် ဂျပန်ရဲ့ Soryu ရေငုပ်သင်္ဘော ကို သြစတြေးလျ တို့ အနီးကပ်လေ့လာနိုင်ရေးအတွက် ဒီစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တာဖြစ်တဲ့အပြင် ဒုတိယကမ္ဘာ စစ်တုန်းက ရန်သူတွေဖြစ်ခဲ့တဲ့ သြစတြေးလျနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျုလီဘစ်ရှော့က ဂျပန်ခရီးစဉ်အတွင်းမှာ “သူမရဲ့ တိုင်းပြည်ဟာ ဂျပန်နဲ့ ထူးခြားတဲ့ ဆက်ဆံရေး မြှင့်တင်ချင်သလို ဂျပန်အနေနဲ့လည်း ရေငုပ်သင်္ဘော တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ မဟာဗျူဟာ တခုဖြစ်တဲ့အတွက် အထူးအလေးထားတယ်လို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ လူလုပ်ကျွန်း အစီအစဉ်နှင့် စစ်ရေးတည်ဆောက် နေ မှုကြောင့် တင်းမာမှုတိုးပွားနေချိန် ဂျပန်- သြစတြေးလျ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ် ပါတယ်။
အလားတူ ဂျပန်ရေငုပ်သင်္ဘောတစီးနဲ့ စစ်သင်္ဘော၂စီးဟာလည်း ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများကို သွားရောက် မယ်လို့ ဖိလစ်ပိုင်သတင်းတွေက ဆိုပါတယ်။ တောင်တရုတ်ပင်လယ်မှာ သြဇာလွှမ်းမိုးဖို့ ကြိုးစားလာတဲ့ တရုတ်ကို တန်ပြန်ဖို့ ဖိလစ်ပိုင်နဲ့ တခြားသောနိုင်ငံတွေကို ထောက်ခံနဲ့ အနေနဲ့ သွားရောက်တာလို့ ဆိုပါတယ်။
ဂျပန်ရေတပ်သင်္ဘောတွေဟာ လာမည့်ဧပြီမှာ ဖိလစ်ပိုင်ကို သွားရောက်မှာဖြစ်ပါတယ်။
အမေရိကန်ကလည်း တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းတွေနားမှာ လွတ်လပ်စွာရေ ကြောင်းသွားလာမှု စစ်ဆင်ရေးဆိုကာ စစ်ရေးလေ့ကျင်မှုတွေ ပြုလုပ်ခဲ့သလို၊ သြစတြေးလျနဲ့ ဂျပန်ကိုလည်း အလားတူစစ်ရေးလေ့ကျင့်ဖို့ တိုက်တွန်းခဲ့ပါတယ်။