ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား ညစ်ညမ်းပုံအဖြစ် ပြင်ဆင်၍ Facebook လူမှုကွန်ရက်၌ တင်သည် ဟုဆိုကာ တရားစွဲဆိုခံနေရသည့် ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီခေါင်းဆောင် ဦးသန်းထွန်း၏အမှုကို သက်သေများအားလုံးစစ်ဆေးပြီး၊ နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးပြီးနောက် မတ်လ ၂၅ ရက်နေ့တွင် ကန်ကြီးထောင့် မြို့နယ်တရားသူကြီး ဦးမျိုးမြင့်ဦးက အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂ ရက်က ကန်ကြီးထောင့်မြို့နယ် ကြံခိုင်ရေးပါတီတွဲဘက် အတွင်းရေးမှူးဖြစ်သူ ဦးသန်းထွန်းအသုံးပြုသည်ဟု ယူဆရသည့် Thu Thu အမည်ရှိ Facebook အကောင့်၌ အဝတ်အစားမဲ့ခန္ဓာကိုယ်တွင် ဒေါ်အောင်ဆန်းစုကြည် မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်ကာ ညစ်ညမ်းစွာ ရေးသားထားသော အီလက်ထရောနစ် ဒီဇိုင်းတခုကို လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့သည့်အတွက် ကန်ကြီးထောင့်မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုစည်သူအောင်က တရားလိုပြုလုပ်၍ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။