သမ္မတပူတင်က ဆီးရီးယားက ရုရှားတပ်တွေရုပ် သိမ်းမယ်လို့ ကြေညာပြီးနောက်မှာ Hmeymin လေတပ် စခန်းမှာ ချထားတဲ့ ရုရှား လေတပ် လေယာဉ်တွေကို စတင်ပြန်လည်ရုပ်သိမ်း နေပြီဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပထမဆုံး ရုရှားလေတပ်အုပ်စု တစုဟာ ဆီးရီးယား Hmeimim လေတပ်စခန်းကနေ ရုရှားကို စတင်ထွက်ခွာ နေပြီဖြစ်ပြီး အဲဒီအုပ်စုမှာ တူပိုလက်ဗ် အမျိုးအစား Tu – 154 သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးတွေနဲ့ ဘက်စုံသုံး ဆူခွိုင်းအမျိုး အစား Su – 34 ဗုံးကြဲလေယာဉ်တွေပါတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လေတပ်သားတွေနဲ့ ပစ္စည်းကရိယာတွေကို Tu – 154 သို့မဟုတ် အီလျူးရှင်း အမျိုးအစား Il-76 လေယာဉ်တွေနဲ့ သယ်ဆောင်မှာဖြစ်ပြီး တိုက်ခိုက်ရေးလေယာဉ်တွေက နောက်ကလိုက်ပါမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတ ပူတင်ရဲ့ ရုရှားတပ်တွေ သူတို့ရဲ့ တာဝန်ပြီးဆုံးတာကြောင့် ဆီးရီးယားက ပြန်လည်ရုတ်သိမ်းတော့မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ အခုလို ရုတ်သိမ်းတာဖြစ်ပါတယ်။
ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ဒေသတွင်းနိုင်ငံရေးအခြေအနေ တိုးတက်လာ တဲ့အတွက် သူတို့ရဲ့ ရုရှားလေတပ်အုပ်စုတွေ ဆီးရီးယားက စတင်ရုပ်သိမ်းတာလို့ ဆိုလိုက်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို စောင့်ကြည်ဖို့အတွက် ဆီးရီးယားက Hmeimim လေတပ်စခန်းနဲ့ Tartus ရေတပ်စခန်းကိုတော့ ဆက်လက် ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ကာ ရုရှားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆီးရီးယားက IS တို့ကို တိုက်ခိုက်ဖို့ ဆီးရီးယားကိုစေလွှတ်လိုက်တာဖြစ်ပါတယ်။