အမေရိကန်- ကမ္ဘောဒီးယား Angkor Sentinel 2016 ပူးတွဲ စစ်ရေးလေ့ကျင်မှုစတင်
This article has been converted from Zawgyi One to Unicode

အမေရိကန်နဲ့ ကမ္ဘောဒီယား စစ်တပ်အကြား ပုံမှန်ပြုလုပ်နေကြ Angkor Sentinel 2016 စစ်ရေးလေ့ ကျင့်မှုကို မတ်လ ၁၄ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်က လေ့ကျင့်ရေးကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ စစ်ရေးလေ့ကျင့်မှုတခု လုံးကို အမေရိကန်က ကမကထကျခံတာဖြစ်ပါတယ်။
ဖနွမ်းပင်ရှိ အမေရိကန်သံရုံး တာဝန်ခံ ဂျူလီချန်းရဲ့ ကြေညာချက်မှာတော့ Angkor Sentinel 2016 စစ်ရေးလေ့ကျင့်မှုဟာ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ သဘာဝဘေးအန္တရာယ်မှ စောင့်ရှောက်ရေး အတွက် အဓိကထားပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
၂ပတ်ကြာပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီယား ဘုရင့်တပ်မတော်မှ တပ်ဖွဲ့များ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ၊တော်ဝင် ခမာရဲတပ်ဖွဲများ၊ မိုင်းရှင်းလင်းရေးတပ်များ၊ အမှတ် ၈ ပစ္စဖိတ်ဒေသ တပ်တော်စုမှ အမေရိကန်တပ်များပါဝင်ပါတယ်။
ဖွင့်ပွဲမှာတော့ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ပြီး အမေရိကန်စစ်တပ်မှ ဗိုလ်မှူးချုပ် အက်ဒွပ် ဒိုမန်းကတက်ရောက်ကာ အနာဂတ်ရဲ့ စိန်ခေါ်မှုများကို အတူတကွ ပြင်ဆင်လေ့လာသွားဖို့ဟာ အရေးကြီးကြောင်း အထူးပြုပြောကြားခဲ့ပါတယ်။