၂၀၁၄- ၂၀၁၅ ခုနှစ် အခွန်စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် ၂၂ ဘီလီယံကျော် ပေးဆောင်ခဲ့သည့် ကမ္ဘောဇဘဏ်လီမိတက်က ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ပထမနေရာ ကို ၄ နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာန က ၂၀၁၄- ၂၀၁၅ ခုနှစ် အခွန်စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် အများဆုံးထမ်းဆောင်သူ လုပ်ငန်းရှင် ၁၀၀၀ ဦး အနက် လုပ်ငန်းရှင် ၅၀ ဦး၏ အမည်စာရင်းကို ယနေ့ (မတ်လ ၁၈ ) တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကမ္ဘောဇဘဏ်လီမိတက် က ဝင်ငွေခွန် ကျပ် ၂၂ ဘီလီယံ ကျော် ပေးဆောင်ခဲ့သည့်အတွက် ပထမနေရာ ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက် က သတင်းထုတ်ပြန်ကြေညာထားသည်။
ကမ္ဘောဇဘဏ်လီမိတက်သည် ၂၀၁၁- ၂၀၁၂ ခုနှစ် အခွန်စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် ကျပ် ၆ ဒဿမ ၀၁၅ ဘီယီယံကျော်၊ ၂၀၁၂- ၂၀၁၃ ခုနှစ် အတွက် ဝင်ငွေခွန် ကျပ် ၁၀ ဒဿမ ၈၂၇ ဘီလီယံကျော်၊ ၂၀၁၃- ၂၀၁၄ ခုနှစ် အတွက် ဝင်ငွေခွန် ကျပ် ၁၇ ဒဿမ ၀၆၂ ဘီလီယံကျော် ပေးဆောင်ခဲ့ရာ နိုင်ငံတော် သမ္မတ ၏ အထူးဂုဏ်ထူးဆောင် နိုင်ငံစွမ်းဆောင်ရည်ဆု၊ နိုင်ငံ့စွမ်းဆောင်ရည်ဆု နှင့် ဝင်ငွေခွန် ပထမဆု တို့ကို ၃ နှစ် ဆက်တိုက် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၅- ၂၀၁၆ အခွန်စည်းကြပ်နှစ်အတွက် ကျပ် ၂၃ ဘီလီယံ ပေးသွင်းထားပြီးဖြစ်ကြောင်း၊ ၂၀၁၆- ၂၀၁၇ ခုနှစ် အတွက် ကြိုတင်ခွန် ကျပ် ၃၀ ဘီလီယံ ပေးသွင်းလျက်ရှိပြီး ၂၀၁၇- ၂၀၁၈ အခွန်စည်းကြပ်နှစ် အတွက် ကျပ် ၃၂ ဘီလီယံ ပေးသွင်းရန် လျာထားကြောင်း သိရသည်။