ယနေ့နံနက်ပိုင်းက ရုရှားနိုင်ငံမှာ ပျက်ကျသွားတဲ့ FlyDubai လေကြောင်းလိုင်းမှ ဘိုးရင်း 737 -800 လေယာဉ် ဟာ ဗုံးခွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ယင်းလေကြောင်လိုင်းရဲ့ CEO ဖြစ်တဲ့ al-Ghaith ကပယ်ချလိုက်ပြီး ယင်းလေယာဉ်ဟာ အရေးပေါ်အကူအညီတောင်းခံချက်(SOS) ပေးပို့ခြင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။
“စုံစမ်းစစ်ဆေးရေးပြီးဆုံးတဲ့အထိ ကျနော်တို့ စောင့်ကြည့်ရမယ်၊ လေယာဉ်ပေါ်မှာ ဗုံးပါလာတယ်ဆိုတဲ့ သံသယ ကျနော်တို့မှာ မရှိဘူး” လို့ သတင်းထောက်များကို သူကဆိုပါတယ်။
FlyDubai လေကြောင်းလိုင်းရဲ့ CEO ဖြစ်တဲ့ al-Ghaith ကတော့ လေကြောင်းလိုင်းအနေနဲ့ ပထမဆုံး ထွက်ရှိလာမယ့် စုံစမ်းစစ်ရေးချက်တွေကို တလအတွင်းထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
ခရီးသည်နဲ့ ဝန်ထမ်း ၆၂ဦးကို တင်ဆောင်ကာ အာရပ်စော်ဘွားများနိုင်ငံ (UAE) မှ ရုရှားနိုင်ငံ ရော့စတော့ဗ်လေဆိပ်သို့ ပျံသန်းလာသည့် Fly Dubai လေကြောင်လိုင်းမှ ဘိုးရင်း 737 -800 လေယာဉ်ဟာ ယနေ့နံနက် ၃နာရီ ၅၀က ရုရှားနိုင်ငံတောင်ပိုင်းက Rostov-on-Don လေဆိပ်ကို ဆင်းသက်ဖို့ကြိုးစား စဉ် ပျက်ကျသွားခြင်းဖြစ်ပြီး၊ ခရီးသည်နဲ့ ဝန်ထမ်း ၆၂ ဦး လုံးကွယ်လွန်သွားပါတယ်။ ခရီးသည်များဟာ ရုရှားနိုင်ငံသားများဖြစ်ပြီး၊ ဝန်ထမ်းတွေကတော့ နိုင်ငံခြားသားများဖြစ်ပါတယ်။
ရာသီဥတုမကောင်းတဲ့အတွက် မြင်ကွင်းအားနည်းတာကြောင့် ဖြစ်ပွားလို့ဆိုပေမယ့် ဗုံးဖောက်ခွဲခံရတယ်ဆိုတဲ့ အယူအဆတွေ ထွက်နေပေါ်နေချိန်မှာ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကတော့ လေကြောင်းဘေးကင်းလုံခြုံ ရေးကို ချိုးဖောက်သောအမှု အဖြစ် ထည့်သွင်းပြောဆိုလိုက်ပြီး၊ နည်းပညာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ လေယာဉ်မှူးများ၏ ဆုံးဖြတ်ချက် မှားယွင်းမှုနှင့် ရာသီဥတု ဆိုင်ရာ အခြေအနေများကြောင့်ဆိုကာ ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။