FlyDubai လေကြောင်းလိုင်းမှ မနေ့က ရုရှားနိုင်ငံတောင်ပိုင်း ရော့စတော့ဗ် လေဆိပ်ကို ဆင်းသက်စဉ် ပျက်ကျသွားတဲ့ ဘိုးရင်း 737 -800 လေယာဉ်ပေါ်ပါ သေဆုံးသူတွေ့ရဲ့ ကျန်ရစ်သူ မိသားစု အသီးသီးကို လတ်တလောအမေရိကန်ဒေါ်လာ ၂သောင်း စီပေးမယ်လို့ လေကြောင်းလိုင်းက ယနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
“ လတ်တလော ကျနော်တို့ရဲ့ ဦးစားပေးကိစ္စက ဝမ်းနည်းဖွယ်ဖြစ်ရပ်မှာ သေဆုံးသူတွေရဲ့ မိသားစုကို ဆက်သွယ်ပြီး လတ်တလော ကူညီထောက်ပံပေးဖု့ိပါပဲ” လို့ FlyDubai လေကြောင်းလိုင်းရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ဘိုးရင်း 737 -800 လေယာဉ်ဟာ ခရီးသည်နဲ့ ဝန်ထမ်း ၆၂ဦးကို တင်ဆောင်ကာ အာရပ်စော်ဘွားများနိုင်ငံ (UAE) မှ ရုရှားနိုင်ငံ ရော့စတော့ဗ်လေဆိပ်သို့ ပျံသန်းလာရာ မနေ့ မနက် ၃နာရီ ၅၀မိနစ်မှာ ဆင်းသက်ဖို့ ကြိုးစားစဉ် ပျက်ကျသွားခြင်းဖြစ်ပါတယ်၊ လေယာဉ် ပေါ်ပါ ခရီးသည် ၅၅ဦးနဲ့ ဝန်ထမ်း ၇ ဦးသေဆုံးသွားပါ တယ်၊ ခရီးသည်များဟာ ရုရှာများဖြစ်ပြီး ဝန်ထမ်းတွေကတော့ နိုင်ငံခြားသားတွေဖြစ်ပါတယ်။
ဒီကနေ့မှာတော့ လေယာဉ်ရဲ့ Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကရိယာ)ကို တွေ့ရှိပြီဖြစ်လို့ မော်စကိုမြို့သို့ ပို့ဆောင်လိုက်ကြောင်း ရုရှားအရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
လတ်တလောမှာတော့ လေယာဉ်ပျက်ကျတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ရုရှားက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေရာ လေကြောင်းဘေးကင်းလုံခြုံ ရေးကို ချိုးဖောက်သောအမှု အဖြစ် ထည့်သွင်းပြောဆိုလိုက်ပြီး၊ နည်းပညာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ လေယာဉ်မှူးများ၏ ဆုံးဖြတ်ချက် မှားယွင်းမှုနှင့် ရာသီဥတု ဆိုင်ရာ အခြေအနေများကြောင့်လို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကတော့ ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။
ထွက်ပေါ်နေတဲ့ လေယာဉ်ဟာ ဗုံးခွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ ပြောဆိုယူဆချက်တွေ ကို ယင်းလေကြောင်း လိုင်းရဲ့ CEO ဖြစ်တဲ့ al-Ghaith ကပယ်ချလိုက်ပြီး ယင်းလေယာဉ်ဟာအရေးပေါ်အကူအညီတောင်း ခံ ချက်(SOS) ပေးပို့ခြင်းမရှိဘူးလို့ မနေ့က ငြင်းဆိုထားပါတယ်။
ယခုအခါ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့(NTSB)ကလည်း စုံစမ်းရေးအဖွဲ့တခု ကို ရုရှားသို့ စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။