ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က လေဆိပ် ဗုံးကွဲပြီးနောက် ဗုံးရှင်းလင်းရေးသမားများက ရှင်းလင်းရာ ဖောက်ခွဲရေး ပစ္စည်းတွေ ထပ်မံရှာဖွေတွေ့ရှိခဲ့ တယ်လို့ ဒေသတွင်းသတင်းတွေမှာဆိုပါတယ်။ ဗုံးတွေ့ပြီးနောက်မှာ ဘယ်ဂျီယံအာဏာပိုင်တွေက ဇာဗန်တမ်လေဆိပ်မှာ လုံခြုံရေးအတားအဆီးတွေကို ပြန်လည်ချထားလိုက်ပါတယ်။ Schaerbeek အရပ်ကို ရဲက ဝင်ရောက်စီးနင်းခဲ့ရာမှာလည်း ဖောက်ခွဲ ရေးပစ္စည်းတွေကို ထပ်မံတွေ့ရတယ်လို့ ဆိုပါတယ်။ အစိုးရရှေ့နေချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ စုံစမ်းစစ်ဆေးသူများဟာ ဓာတုဗေဒ ပစ္စည်းများနဲ့ IS အဖွဲ့ရဲ့ အလံတခုတွေ့တယ်လို့ ဆိုပါတယ်။ ဗုံးပေါက်ကွဲပြီးနောက်မှာ လေယာဉ် ၆၀၀လောက်ရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပြီး ပေါက်ကွဲမှုအတွင်းမှာ ရဲအရာရှိ ၆ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ကဖြစ်ပွားတဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့လေဆိပ်ဗုံးခွဲတိုက်ခိုက်မှု၌ သေဆုံးသူ အရေအတွက်မှာ ၃၇ဦး၊ ဒဏ်ရာရသူမှာ ၁၅၀ အထိရှိပြီး၊ ဘရပ်ဆဲလ်အခြေစိုက် EU ကော်မရှင်ရုံးကိုလည်း လုံခြုံရေးအခြေအနေအရ နေရာရွေ့လိုက်ပါတယ်။