
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်လေဆိပ်တိုက်ခိုက်မှုတွင် အဓိကလက်သည်တဦးဟု သံသယရှိသူကို Najim Laachraoui ကို အန်ဒါလက်ချ် ခရိုင်တွင် ဖမ်းဆီးမိလိုက်ကြောင်း ဘယ်လ်ဂျီယံ အခြေစိုက် DH သတင်းစာမှာ ရေးသားထားပါတယ်။ မနေ့ကဖြစ်ပွားတဲ့ ဘရပ်ဆဲလ်မြို့ လေဆိပ်နဲ့ မြို့လည် ဘူတာရုံ ဗုံးခွဲတိုက်ခိုက်မှုမှာ လူပေါင်း ၃၄ဦး သေဆုံးကာ ၂၃၀ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယင်းတိုက်ခိုက်မှု အပြီးမှာ ဥရောပတလွှားက အဓိက အချက်အချာကျတဲ့ လန်ဒန်၊ ပါရီ၊ ဘာလင်၊ ဘွန်း စတဲ့မြို့ကြီးများက လေဆိပ်ကြီးတွေမှာ လုံခြုံရေးတိုးမြှင့်လိုက်ပါတယ်။
ဒါအပြင် အမေရိကန်ကလည်း ဥရောပတိုက်ကို သွားရောက်မယ့် ၎င်းတို့နိုင်ငံသားများအနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကို သတိထားဖို့ ကြေညာချက်တစောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတိပေး ကြေညာချက်မှာ “အကြမ်းဖက်အုပ်စုများ အနေဖြင့် အားကစားပွဲများ၊ ကမ္ဘာလှည့်ခရီးသွားများ အသွားအလာ များသည့် နေရာများ၊ စားသောက်ဆိုင် များနှင့် ကားဂိတ်၊ ဘူတာရုံ၊ လေဆိပ်စသည့်များကို ပစ်မှတ်ထားကာ ဆက်လက်တိုက်ခိုက်ဖို့ စီစဉ်နေ ကြောင်း”လည်း ပါရှိပါတယ်။
ဒီ သတိပေးကြေညာချက်ဟာ လာမည့် ဇွန်လ ၂၀ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်ပါတယ်။