IS အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ဖို့ လေ့ကျင့်ထားတဲ့ အကြမ်းဖက်သမား ၄၀၀ ခန့်ကို ဥရောပသို့ စေလွှတ်ထားကြောင်း တရားဝင်ထုတ်ဖော် ပြောဆိုလိုက်တယ်လို့ AP သတင်းကဆိုပါတယ်။ အဆိုပါပြောဆိုချက်နဲ့ ပတ်သက်ပြီး ဂျီဟတ်ဒ်ကွန်ယက်နဲ့ နီးစပ်တဲ့ အီရတ် ထောက်လှမ်းရေးနဲ့ ပြင်သစ် ထောက်လှမ်းရေးတွေကလည်း အကြမ်းဖက်သမားတွေ ဟာ ဥရောပတလွှားမှာ သူတို့ရဲ့ ဆဲလ်တွေ မြုပ်နှံ ထားကြောင်း AFP သတင်းကို အတည်ပြုပြောကြားပါတယ်။
အကြမ်းဖက်သမား ၄၀၀ နီးပါးဟာ သူတို့တာဝန်တွေဖြစ်တဲ့ တိုက်ခိုက်ရမယ့် ပစ်မှတ်၊ အချိန်၊ နည်းဗျူဟာ တွေကို ရှာဖွေဖို့ IS အဖွဲ့က တာဝန်ပေးထားတယ်လို့ သိရပါတယ်။
အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဥရောပကို သွားရောက်လည်ပတ်မယ့် ခရီးသွားတွေကို အကြမ်းဖက်သမားများ အန္တရာယ်နဲ့ ပတ်သက်လို့ မနေ့က သတိပေးမှုတွေ ပြုလုပ်ထားသလို၊ ဘရပ်ဆဲလ် အခြေစိုက် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကလည်း ဘယ်လ်ဂျီယံမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားများ အနေနဲ့ လည်ပတ်တဲ့အခါမှာ ကားဂိတ်၊ ဘူတာရုံ စတဲ့ လူအများသွားလာတဲ့နေရာတွေကို ဂရုတစိုက်သွားလာဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ နေ့လည်ပိုင်းက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ လေဆိပ်နဲ့ မြေအောက်ဘူတာရုံမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေမှာ လူပေါင်း ၃၇ ဦးသေဆုံးကာ ၁၅၀ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဘရပ်ဆဲလ် တိုက်ခိုက်မှုကို ဘယ်လ်ဂျီယံနိုင်ငံသား ခါလစ်နဲ့ အီဗရာဟင်ဆိုသူ ညီအကို ၂ဦးအပါအဝင် စုစုပေါင်း ၄ဦးက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အထဲမှာ ပါဝင်သူတဦးလို့ သံသယရှိသူ Najim Laachraoui ကို လည်း မနေ့က ဖမ်းဆီးမိတယ်လို့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။