
ကမ္ဘောဒီးယား ပြည်တွင်းစစ်အတွင်းက ခိုးယူခံခဲ့ရပြီး အမေရိကန် ပြတိုက်တခုမှာ နှစ်ပေါင်း ၃၀ခန့်ကြာအောင် ရောက်ရှိနေတဲ့ ၁၀ ရာစုခေတ် ခမာရုပ်တုတခုကို မနေ့ကအမေရိကန်နိုင်ငံမှ ကမ္ဘောဒီယားနိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။
ခေါင်းနဲ့ ခြေလက်များ ပျောက်ဆုံးနေတဲ့ ၁၀ရာစုနှစ် ခမာလက်ရာ ရာမနတ်ရုပ်ဟာ အမြင့် ၅ပေ ၂ လက်မရှိပြီး သဲကျောက်နဲ့ ထုလုပ်ထားတာဖြစ်ပါတယ်၊ အဲဒီရုပ်တုကို နယူးယောက်မြို့ Doris Weiner ဆိုတဲ့ ပြခန်းကနေ ၁၉၈၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဒင်ဗာပြတိုက်က ဝယ်ယူစုဆောင်းခဲ့တာဖြစ်ပါတယ်။
မနေ့ကတော့ ဖနွမ်းပင်မြို့မှာ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ဒင်ဗာပြတိုက်က ညွန်ကြားရေးမှူးတို့ကနေ ကမ္ဘေားဒီးယားအစိုးရကို လွှဲအပ်ခဲ့ပြီး၊ ဒီရာမရုပ်ထုကို မူရင်းနေရာဖြစ်တဲ့ ဆီယမ်ရိပြည်နယ်က ပရာဆတ် ချန်း ကျောင်းတော်မှာ ပြန်လည် ထားရှိမယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ ကမ္ဘောဒီးယား ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပတ်သက်ပြီး မကြာသေးမီနှစ်များအတွင်း ကလည်း ပြင်သစ်နိုင်ငံ ပါရီမြို့က Guimet ပြတိုက်၊ နယူးယောက်မြို့တော် ပြတိုက်၊ Cleveland ပြတိုက်ကနေလည်း ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
ယခုပြန်ပို့တဲ့ ရာမရုပ်တုဟာ ၁၉၇၀ ခုနှစ် ဝန်းကျင်ကဖြစ်ပွားခဲ့တဲ့ ကမ္ဘောဒီးယား ပြည်တွင်းစစ်မှာ ခိုးယူခံရပြီး အမေရိကန်ပြည်ထောင်စုကို သယ်ဆောင်ခံရတာဖြစ်ပါတယ်။