မြန်မာသမ္မတသစ် ဦးထင်ကျော်ကို အမေရိကန်သမ္မတ အိုဘားမားက ချီးကျူးဂုဏ်ပြုလိုက်ပြီး၊ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားတဲ့ အရပ်သားသမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ မြန်မာ့သမိုင်းဝင် အသွင်ကူးပြောင်းရေး မှတ်တိုင်တခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ဒါအပြင် သမ္မတသစ် ဦးထင်ကျော်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲဟာ နှစ်ပေါင်း ၅၀ကျော် စစ်တပ်က အစိုးရ အဆက်ဆက် အုပ်ချုပ်ပြီးနောက်မှာ ငြိမ်းချမ်းစွာ အာဏာလွဲပြောင်းရေး အတွက် လူတိုင်း အတူတကွ လုပ်ကိုင်ခဲ့ကြတဲ့ သက်သေအထောက်အထားဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။
မြန်မာဟာ ကျယ်ပြန့်တဲ့ အခြေခံစီးပွားရေးဖွံဖြိုးတိုးတက်မှုကို ရယူဖို့၊ ပြည်သူတို့ ရဲ့အခွင့်အရေးမြှင့်တင်ပေးဖို့ စတဲ့ အရေးပါတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သမ္မတအိုဘားမားက ဆိုလိုက်ပါတယ်။