ဆီးရီးယားစစ်ပွဲ၌ ရုရှားလေတပ်၏ အောင်မြင်မှုကြောင့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အယ်လ်ဂျီးရီးယားနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများက ရုရှားလုပ် ဆူခွိုင်းအမျိုးအစား Su – 35 တိုက်လေယာဉ်တွေအပါအဝင် ရဟတ်ယာဉ်၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ရုရှားသတင်းဌာန Kommersant ကဆိုပါတယ်။ ရုရှားစစ်ဘက်ဆိုင်ရာ နည်းပညာဌာန(FSMTC) အဆိုအရ ဆီးရီးယား စစ်ပွဲမှာ ရုရှား လက်နက်တွေရဲ့ စွမ်းရည်ကို လက်တွေ့ပြသခဲ့ပြီးဖြစ်ရာ အောင်မြင်မှုတွေကြောင့် အာရှနဲ့ အာဖရိကနိုင်ငံများ ထံမှာ ရုရှားရဲ့ တိုက်လေယာဉ်သစ်တွေကို ဝယ်ယူလိုတဲ့ အမှာစာများရရှိထားကြောင်း၊ ယခုရရှိတဲ့ အမှာစာများရဲ့ တန်ဘိုးဟာ ဆီးရီးယားစစ်ပွဲမှာ ရုရှားတို့ ကုန်ကျတဲ့ စစ်စရိတ်ထက် ပိုမိုကြောင်းလည်း ဆိုပါတယ်။
ဗီယက်နမ်နဲ့ အတူ အင်ဒိုနီးရှားကလည်း Su-35 တိုက်လေယာဉ်များဝယ်ယူဖို့ စကားပြောနေပြီး၊ သူတို့ မှာရှိတဲ့ Su-30MK2တွေ အပြင်ထပ်ဆောင်း ဝယ်ယူလိုတာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ပါကစ္စတန်နိုင်ငံကလည်း အမေရိကန် ဒေါ်သန်း ၅၀၀ဘိုးရှိတဲ Su-35 တိုက်လေယာဉ် ၆စီး မှာယူခဲ့တယ်ု့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ အယ်လ်ဂျီးရီးယားက အနိမ့်ဆုံး အမေရိကန်ဒေါ်လာသန်း ၆၀၀ခန့်တန်ဘိုးရှိတဲ့ Su-32 ဗုံးကြဲလေယာဉ် ၁၂ စီး မှာယူခဲ့တဲ့အပြင်၊ တောင်ပိုင်း အယ်လ်ဂျီးရီးယား ဒေသက တမန်ရာဆက် လေတပ်စခန်းမှာ Su- 35 တိုက်လေယာဉ်တစီး လည်း စမ်းသပ်ကြည့်ရှုပြီး နောက်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၉၀၀ခန့် တန်ဘိုးရှိ Su -35 တိုက်လေယာဉ် ၁၀ ဝယ်ယူဖို့ စာချုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် အယ်လ်ဂျီးရီးယားက တိုက်ခိုက်ရေးရဟတ်ယာဉ် MI-28 NE နဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ် IL-76 လေယာဉ်များ၊ အီဂျစ်က Ka-52 တိုက်ခိုက်ရေးရဟတ်ယာဉ်များအပြင် ပင်လယ်ကွေ့နိုင်ငံများက T-90 တင့်ကားများနှင့် ဆော်ဒီအာရေဗီးယားက S-400 အမျိုးအစား တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံများကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ဆီးရီးယားပြည်တွင်းစစ်မှာ IS စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ရုရှားပါလီမန်က သမ္မတပူတင်အစိုးရကို အတည်ပြုပေးခဲ့တာဖြစ်ပြီး၊ ယခုလအစောပိုင်းမှာ ဆီးရီးယား မှာချထားတဲ့ ရုရှားလေတပ်မှ တိုက်လေယာဉ်တချို့နှင့် ဗုံးကြဲလေယာဉ်များ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။