မေဒေး နေ့၌ အလုပ်သမားအဖွဲ့များ ရေနံမြေတွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်
This article has been converted from Zawgyi One to Unicode

ကမ္ဘာ့ အလုပ်သမားနေ့ (မေလ ၁ ရက်) တွင် မြန်မာနိုင်ငံတဝန်းရှိ အလုပ်သမား အဖွဲ့များက ရေနံမြေ၌ ပထမဆုံး အကြိမ် အဖြစ် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ သမိုင်းဝင် လယ်ပေါ် သာသနာ့ဗိမ္မာန်တွင် တွေ့ဆုံပြီး အခက်အခဲများ၊ အခွင့်အရေး ဆုံးရှုံးမှုများကို မှတ်တမ်းတင်၍ အစိုးရထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း အလုပ်သမားသမဂ္ဂများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ တာဝန်ခံ ဦးထွန်းထွန်းနိုင်က ပြောသည်။
အဆိုပါ မေဒေးနေ့ တွေ့ဆုံပွဲသို့ အလုပ်သမားအဖွဲ့ ကိုယ်စားလှယ်များအပြင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများကိုပါ ဖိတ်ကြားသွားမည်ဟု ဦးထွန်းထွန်းနိုင်က ဆက်ပြော သည်။
လယ်ပေါ် သာသနာ့ဗိမ္မာန်သည် ၁၉၃၅ ခုနှစ်က ဒို့ဗမာ အစည်းအရုံး ညီလာခံ ကျင်းပခဲ့သည့် နေရာဖြစ်ပြီး ငြိမ်းချမ်းရေး ဖခင်ကြီး သခင်ကိုယ်တော်မှိုင်း သခင်ဘွဲ့ခံယူရာ နေရာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံး အလုပ်သမားနေ့ ကျင်းပသည့် နေရာတစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် သမိုင်းဝင်နေရာတခုဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း ရေနံချောင်းမြို့ ရေနံမြေသည် ၁၉၃၈ ခုနှစ်က ရန်ကုန်မြို့အထိ ချီတက် ဆန္ဒပြခဲ့သော ၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမား သပိတ် ဖြစ်ပေါ်ရာ သမိုင်းဝင် ဒေသတခုလည်း ဖြစ်သည်။