ကချင် လွတ်လပ်ရေး အဖွဲ့၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာ ဘက်ကို ဦးတည်၍ အစိုးရ တပ်မတော် စစ်ကြောင်းများ စစ်ဆင်ရေးပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်က မဟာသင်္ကြန် မတိုင်ခင် ကာလကတည်းက ပြုလုပ်နေခြင်းဖြစ်ပြီး နှစ်ဘက် အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရ စစ်ကြောင်းများသည့် ယခုအခါ လိုင်ဇာအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း KIA ၏ မဟာမိတ် ကချင် အမျိုးသား အစည်းအရုံး (KNO) က ပြောသည်။
KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် က“တိုက်ပွဲတွေက သင်္ကြန်မတိုင်ခင်ကတည်းကနေ ခုသင်္ကြန်ပြီးတဲ့ အထိပေါ့။ ဧရာဝတီမြစ် အရှေ့ဘက်အခြမ်းကနေ လိုင်ဇာဌာနချုပ်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းသုံးကြောင်းနဲ့ တိုက်တယ်။ တိုက်တော့ အဲဒီမှာ ပထမ အပတ်ကတည်းက စခန်းနှစ်ခု ဖယ်ပေးလိုက်ရတယ်။ နောက် ဆက်တိုက်ပဲ စစ်ကြောင်းတွေက အခု လိုင်ဇာနဲ့ မနီးမဝေးကို ရောက် လာပြီ။ စစ်ဆင်ရေး လုပ်နေတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ တပ်မတော် စစ်ကြောင်းများက အင်အားသုံး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ လိုင်ဇာမြို့အနီးက KIA တပ်ရင်း (၁၈) နယ်မြေရှိ ရှေ့တန်းတပ်စခန်း နှစ်ခုကို ဆုတ်ခွာပေးခဲ့ရကြောင်း၊ ယင်းနောက်တွင်လည်း နှစ်ဘက်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ ကြောင်း ဆိုသည်။
အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းမဖက်သော နည်း လမ်းဖြင့် စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာဆွေးနွေး၊ ညှိနိုင်းအဖြေရှာသောနည်းလမ်းကို အလျင်အမြန်ဦးဆောင်ပြီး လုပ်ဆောင် သွားသင့် ကြောင်း KNO က ဧပြီလ ၂၄ ရက်တွင် သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။