ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာပေါင်း တရာကျော်တွင် သောက်သုံးရေး ရှားပါးမှုများ ကြုံတွေ့နေပြီး ကျေးရွာ ၁၀ ရွာခန့် သောက်သုံးရေ အရေးပေါ် လိုအပ်နေကြောင်း ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပဲခူးတိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောသည်။
ဦးဝင်းနိုင်က “အရေးပေါ်လိုအပ်နေတာက လှည်းကူးအုပ်စုအတွင်းက ဆယ်ရွာပါ။ သင်္ကြန် မတိုင်ခင်ကတည်းက တရက်ကို ၂ ခေါက်လောက် သွားကူညီပေးနေရတယ်။ ပေါက်ခေါင်းမြို့ရဲ့ မြောက်ဘက် အောင်လံနယ်စပ်က ကျေးရွာ ၁၄ အုပ်စုကျော် ရှိတယ်။ အဲဒီဘက်တွေမှာလည်း သောက်သုံးရေ ရှားပါးနေပြီ။ ရွာပေါင်းက တရာကျော်တယ်။ မိုးတွင်းတုန်းက ရေလှောင်ကန်မှာ ကျန်တဲ့ရေကိုပဲ မျှသုံးနေရတယ်။ အဲဒီကို ရေသွားပေးဖို့ဆိုတာက ဝက်တိုးတံတားရဲ့ ကြံ့ခိုင်ရေးက မကောင်းတော့ ရေဝိတ်နဲ့ မသွားရဲဘူး ဖြစ်နေတယ်” ဟု ပြောသည်။
သောက်သုံးရေ အရေးပေါ် လိုအပ်နေသည့် ကျေးရွာများမှာ ပေါက်ခေါင်းမြို့မှ ၁၃ မိုင်ခန့်တွင် တည်ရှိသည့် လှည်းကူးကျေးရွာ အုပ်စုအတွင်းမှ သပြေတုံး၊ ထူးပေါက်၊ ကောင်းစီ၊ ဒုံးတောင်၊ သီးကုန်း၊ ကုတင်မ၊ ကျောက်ဖြစ်သာ၊ ဖလံပင်၊ လှည်းကူးနှင့် ဂျင်းစိမ်းကျေးရွာတို့ဖြစ်ပြီး အိမ်ထောင်စု တထောင်ခန့်ရှိကြောင်းနှင့် နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားပါးမှုကို ကြုံတွေ့နေရသည့် ကျေးရွာများဖြစ်ကြောင်း တောင်လယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးလွင်က ဆိုသည်။