မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ပြဋ္ဌာန်းခဲ့သည့် ၁၉၇၅ ခုနှစ်၊ နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် တင်ပြကြောင်း သိရှိရသည်။
ယင်းဥပဒေသည် ဒေသတခုတွင် ဖြစ်စေ၊ ဒေသတဝန်းလုံးတွင် ဖြစ်စေ၊ တနိုင်ငံလုံးတွင် ဖြစ်စေ နိုင်ငံသားတဦး၏ မူလ အခွင့်အရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးတို့ကို ကန့်သတ်ထားသဖြင့် ယခုကျင့်သုံးလျက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိသောကြောင့် ယခုဥပဒေကြမ်းကို ရုပ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်တွင်ပြောဆိုသည်။
ယင်းဥပဒေ ရုပ်သိမ်းနိုင်ရန်အတွက် လွှတ်တော်တွင် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု ကော်မတီနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့နှင့် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်ကြောင်း၊ ယင်းဥပဒေ ရုပ်သိမ်းရေးနှင့်ပ တ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်သို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။