ဗီယက်နမ်ရေတပ်အတွက် ရုရှားက Gepard 3.9 အမျိုးအစား ဖရီဂိတ်စစ်သင်္ဘော ၂စီးကို ယခုနှစ်အတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဂျိန်းစ် ကာကွယ်ရေးဆိုင်ရာ စာစောင်ရဲ့ရေးသားချက်အရ သိရပါတယ်။
Zelenodolsk သင်္ဘောကျင်း ဒါရိုက်တာ Renat Mistakhovက “ နှစ်စီးစလုံးဟာ ရေငုပ်သင်္ဘောတိုက် ဖျက်ရေး ဖရီဂိတ်သင်္ဘောတွေဖြစ်တယ်၊ ဒီအစီအစဉ်ကို ဧပြီ၊ မေ ၂လအတွင်းမှာ ဆောင်ရွက်မယ်၊ အဲဒီနောက်မှာ ရေနက်ပိုင်းမှာ စမ်းသပ်မောင်းနှင်ဖို့ စတင်မယ်၊ ၂၀၁၆ခုနှစ်ကုန်ခါနီးမှာ အပြီးပေးပို့မယ် လို့” ဆိုပါတယ်။
ရုရှားလုပ် Gepard ဟာ မူလအမျိုးအစားတွေဖြစ်တဲ့ Koni၊ Grisha နဲ့ Parchim အမျိုးအစား ကော်ဗတ်တိုက်သင်္ဘောတွေလို နာမည်ကြီး အမျိုးအစားဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်မှာ စတင်ထုတ်လုပ်ကာ ပထမအသုတ်ကို သိမ်းငှက်(ရုရှားဘာသာဖြင့် Yastreb)လို့ အမည်ပေးထားပြီး၊ Gepard 3.9 ဗီယက်နမ်ရေတပ်က ၂၀၁၁ ခုနှစ်ကတည်းက စတင် ဝယ်ယူသုံးစွဲခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ၆စီးထက်မနဲ တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။
တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက် အငြင်းပွားမှု ဖြစ်ပွားပြီးနောက်မှာ ဗီယက်နမ်ရေတပ်ဟာ ယခုအခါမှာ ရေတပ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လာရာ အီတလီနိုင်ငံလုပ် ကမ်းရိုးတန်းသွား ကင်းလှည့်ရေယာဉ်များ ဝယ်ယူရန် ပြုလုပ်နေသလို၊ TT – 400 TP အမျိုးအစား တိုက်သင်္ဘောတွေကိုလည်း ရုရှားအကူအညီနဲ့ အဆင့်မြှင့်တင်ဖို့ ပြုလုပ်နေပါတယ်။