မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက နျူကလီးယား စမ်းသပ်မှုနဲ့ ဒုံးပျံပစ်လွှတ်နိုင်ခြင်းဟာ တိုင်းပြည်ရဲ့ သမိုင်းဝင် စစ်ရေးအောင်မြင်မှုတွေဖြစ်တယ်လို့ အာဏာရ အလုပ်သမားပါတီ ၇ကြိမ် မြောက် ညီလာခံမှာ ချီးကျူးပြောဆိုလိုက်ပါတယ်။
ညီလာခံ အဖွင့်မိန့်ခွန်းမှာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက “ဇန်နဝါရီလ မှာ ပြုလုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုနဲ့ ဖေဖေါ်ဝါရီမှာလုပ်ခဲ့တဲ့ ဒုံးပျံစမ်းသပ် ပစ်လွှတ်မှု တွေဟာ မကြုံစဖူးထူးကဲတဲ့ သမိုင်းဝင်အောင်မြင်မှုတွေဖြစ်တယ်၊ဒါတွေဟာ သူတို့နိုင်ငံကို အထီးကျန်စေဖို့ ကမ္ဘာက ပိတ်ဆို့အရေးယူထားတဲ့ကြားက လူထုနဲ့ စစ်တပ်ရဲ့ ပြောင်မြောက်တဲ့ အောင်မြင်မှုတွေဖြစ်တယ်”လို့ သူက ဆိုပါတယ်။
၇ကြိမ်မြောက် ညီလာခံမှာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းရဲ့ မူဝါဒဖြစ်တဲ့ Byongjin အတိုင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ နျူကလီးယားစွမ်းရည်တို့ကို တပြိုင်နက်ထဲမှာ တည်ဆောက်မယ့် အစီအစဉ်ကို ချမှတ်မယ်လို့ ယူဆကြပါတယ်။
ညီလာခံမတိုင်မီမှာတော့ ကင်ဂျုံအန်းက တော်လှန်ရေး အောင်မြင်ဖို့ သူ့အနေနဲ့ အလွန်ကောင်း တဲ့ အသေးစိတ်အစီအမံတွေကို ချမှတ်မယ်လို့လည်း ဆိုသွားပါတယ်။
မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ၇ကြိမ်မြောက်ညီလာခံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မှ သတင်းထောက် ၁၀၀ ကျော်ကို ဖိတ်ကြားခဲ့ပေမယ့် အခမ်းအနားအတွင်းကိုတော့ ဝင်ရောက်ခွင့်မပြုဘူးလို့ သိရပါတယ်။
မနေ့မနက် စောစောပိုင်းက စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေနဲ့ ပါတီကိုယ်စားလှယ် ၃ထောင်နဲ့ ကျင်းပခဲ့တဲ့ ညီလာခံကိုတော့ ရေဒီယို၊ ရုပ်မြင်သံ ကြားစတဲ့ မီဒီယာတွေက တိုက်ရိုက်ထုတ်လွှင့်မှုမရှိပေမယ့် နိုင်ငံပိုင်ရုပ်မြင်သံကြားကတော့ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းရဲ့ မိန့်ခွန်းပြောနေတဲ့ပုံတွေကို ပြသခဲ့ပါတယ်။