သတင်းတို

ရာသီဥတု ဖောက်ပြန်မှုကြောင့် သေဆုံးသူ ၃၆ ဦးအထိ ရှိလာ

This article has been converted from Zawgyi One to Unicode

logo

တနိုင်ငံလုံးတွင် ဧပြီလ ၂၅ ရက်မှ မေလ ၁၅ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် သစ်ပင်ပိခြင်း များကြောင့် လူပေါင်း ၃၆ ဦး သေဆုံးခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသူ ၁၃ ဦး ရှိခဲ့ကြောင်း နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

တနိုင်ငံလုံးတွင် ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်အားလုံး၌ ရာသီဥတု ဖောက်ပြန်မှုနှင့် အယ်နီညို ရာသီဥတု ကြောင့် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့် အိုးအိမ်ပေါင်း ၄၆၇၂ လုံး ပြိုကျခဲ့ပြီး အိမ်ပေါင်း ၆၆၂၀၂ လုံးမှာ လေတိုက်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် အမိုးလန်ခြင်းနှင့် ပေါက်ပြဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“လေဘေးသင့် ဒုက္ခသည်က တသိန်းသုံးသောင်း ကျော်ပါတယ်။ မွန်ပြည်နယ်နဲ့ ရန်ကုန်ကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ၁၃ ခု စလုံးမှာ ပျက်စီးဆုံးရှုံးမှုတွေ ရှိပါတယ်”ဟု အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

သေဆုံးသူ ၃၆ ဦးတွင် စစ်ကိုင်းတိုင်းမှ သေဆုံးသူ ၁၀ ဦး၊ ရှမ်းပြည်နယ်မှ သေဆုံးသူ ၇ ဦး၊ ကချင်ပြည်နယ်တွင် သေဆုံးသူ ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၂ ဦး၊ ကယားပြည်နယ်တွင် တဦးနှင့် မန္တလေးတိုင်းတွင် သေဆုံးသူ ၁၄ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ စစ်ကိုင်းမှာတော့ မီးရထားဝန်းထဲမှာ သစ်ပင်ပိပြီးတော့ တယောက် သေပါတယ်။ အိမ်ကလည်းသေးတော့ အပင်ဒဏ်ကို မခံနိုင်ဘဲ ပိသွားတာပါ။ တချို့နေရာတွေမှာတော့ အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေကို ဒေသခံ ပရဟိတအဖွဲ့တွေ၊ တိုင်းဒေသကြီး အစိုးရနဲ့ လူ/ကယ်/ပြန်က လာကူညီပေးတာတွေ ရှိပါတယ်”ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ပြောသည်။

စစ်ကိုင်းမြို့တွင် လူနေအိမ် ၂၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

Loading