ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းရှိ အူလာမ်ပါ ခရိုင်တဝိုက်တွင် တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များအကြား ယနေ့ နေ့လည် ၁ နာရီမှ စ၍တိုက်ပွဲ ဖြစ်ပွားနေပြီး တပ်မတော်ဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသားတဦး ဗုံးစ ထိမှန်သွားသည်ဟု သတင်းရရှိသည်။
အူလာမ်ပါခရိုင်မှာ KIA ၏ ထိန်းချုပ်နယ်မြေ ဖြစ်သည်။
ဗုံးစထိမှန်သွားသည့် တရုတ်နိုင်ငံသားမှာ အူလာမ်ပါခရိုင်အနီးရှိ ဂျေဆာန်းကျေးရွာတွင် သစ်ထုတ်လုပ်ရေး လာရောက် လုပ်ကိုင်နေသည့် သူဖြစ်သည်ဟုလည်း စစ်ရှောင်ဒုက္ခသည်များကို အကူညီပေးနေသည့် ဗန်းမော်မြို့နယ်အခြေစိုက် ဇင်လွန်းဖောင်ဒေးရှင်း မှ ဦးနန်းဇိမ်းလဂျာက ပြောသည်။
တိုက်ပွဲများမှာ မေလ ၁၄ ရက်တွင် တပ်မတော်၏ တပ်ဖွဲ့များနှင့် KIA ၏ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း(၂၇) တို့ တောလမ်းတွင် ထိပ်တိုက်တွေ့ဆုံရာမှ စတင်၍ ဖြစ်ပွားနေခြင်း ဖြစ်သည်။ တိုက်ပွဲမှာ လက်ရှိအချိန်ထိ ဖြစ်နေဆဲဟုလည်း သိရသည်။