စစ်ကိုင်းသပိတ်မှ အလုပ်သမား ၅၁ ဦး ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ခံရ
This article has been converted from Zawgyi One to Unicode

နေပြည်တော်အဝင် တပ်ကုန်းမြို့နယ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် စစ်ကိုင်းသပိတ်မှ အလုပ်သမား ၇၆ ဦး အနက် ၅၁ ဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ ၄ ခုဖြင့် ယနေ့ အမှုဖွင့် အရေးယူလိုက်ပြီး ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကိုကိုအောင် က ဧရာဝတီသို့ ပြောသည်။
“လူကလည်း များတော့ တပ်ကုန်းရဲစခန်းမှာ မဆန့်ဘူး။ ပြီးတော့ လုံခြုံရေးအရ အခု ရမည်းသင်းထောင်ကို ပို့လိုက်ပြီ”ဟု ရဲမှူးကြီး ကိုကိုအောင်က ဆိုသည်။
အလုပ်သမားများနှင့် ဝန်းရံသူများသည် ပုဒ်မ ၅၀၅ (ခ)အပြင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြစ်သည့် ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှု၊ လူစုခွဲရန် အမိန့်ပေးသော်လည်း ဆက်လက်ပါဝင်မှုနှင့် ရုန်းရင်းဆန် ခတ်ဖြစ်မှုတို့ဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လွတ်မြောက်လာသူ ၂၃ ဦးကိုမူ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့တို့ထံ လွှဲပြောင်းပေးအပ် လိုက်ပြီး အိမ်သို့ ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရည်မွန်က ဧရာဝတီသို့ ပြော သည်။
အဆိုပါအလုပ်သမားများမှာ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံမှဖြစ်ပြီး၊ အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်ပြီး ပိုင်ရှင်များနှင့် အလုပ် သမားဦးစီးဌာန၏ ညှိနှိုင်းမှုဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ မှ စတင်၍ ဧပြီလအကုန်အထိ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ခြင်းကြောင့် နေပြည် တော်သို့ ချီတက်ရာ မနေ့က တပ်ကုန်းမြို့နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။