
ဆရာတော်ဦးဝီရသူ ၊ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဓာတ်ပုံများကို လူမှုကွန်ရက်တွင်ဂုဏ်သိက္ခာ ကျ ဆင်း စေရန် ဖိုတိုရှော့ဖြင့် ဖြတ်ညှပ်ကပ်လုပ်ဆောင်သည်ဆိုသော စွပ်စွဲချက်ဖြင့် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ပါတီဝင် ဒေါ်သီရိနေလင်းက ကိုရာပြည့်(ခေါ်) ကိုမျိုးသူဝင်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မှော်ဘီရဲ စခန်းတွင် အမှုဖွင့် လိုက်ကြောင်း သိရှိရသည်။
ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသည့် ကိုရာပြည့် ကို ယနေ့ ညနေ ၄ နာရီက မှော်ဘီ မြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး ရမန်ယူကာ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။
“ သူကတော့ ပြောပါတယ်။ သူလုပ်တာ လုံး၀ မဟုတ်ဘူး။ ဒီကိစ္စကို အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးပါ။ အမှုမှန် အတိုင်း ဖြစ်လာရင် သူ့ကို တရားစွဲသူကို တရားပြန်ဆွဲမယ်လို့ ပြောတယ်။ အဖမ်းမခံရခင် ထူးခြားချက်တွေကတော့ နေမျိုးဝေ ရှိတဲ့နေရာကို သိတော့ ရဲဝန်ထမ်းတွေ ကို အသိပေးခဲ့တယ်။ ဖမ်းဆီးတဲ့နေရာမှာ ကူညီပေးခဲ့တယ်။ ဒီလို ကူညီ ခဲ့လို့ နောက်ရက်မှာ ခြိမ်းခြောက်တာတွေ ဖေ့ဘုတ်ပေါ်တင်တာ ခံရတယ်။ ဒီရက်ပိုင်း ကျနော့်သူငယ်ချင်း နာ မည် နဲ့ ဖွင့်ထားတဲ့ အကောင့်အသစ်တွေက ဖေ့ဘုတ်မှာ တလျှောက်လာအပ်တာ တွေ့ရတယ်။ မကြာဘူး။ အခုလို အမှု ဖွင့် ဖမ်းဆီးခံရတယ်” ဘယ်လို ဆက်စပ်လဲဆိုတာ အမှုကို အမှန်အတိုင်း စစ်ရင် ပေါ်လာပါလိမ့်မယ်” ဟု ကိုရာပြည့် ၏ မိတ်ဆွေ စာရေးဆရာ ဦးရွှေအောင်သင်းက ဆိုသည်။
ကိုရာပြည့် အမှုကို ဇွန်လ ၆ ရက်နေ့တွင် ရုံးချိန်းပေးထားကြောင်း သိရှိရသည်။