နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို လူမှုကွန်ရက်စာမျက်နှာတွင် ဆဲဆိုစာများနှင့် မဖွယ်မရာပုံများ ရေးသားဖော်ပြမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် ဦးနေမျိုးဝေ၏ အာမခံလျှောက်ထားမှုကို ကန်ကြီးထောင့်မြို့နယ်တရားရုံးက မေလ ၂၃ ရက်တွင် ပယ်ချခဲ့သည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝေယံအောင်က ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့မရဲစခန်းတွင် ပြီးခဲ့သည့် မေလ ၃ ရက်က အမှုဖွင့်ခဲ့ပြီး၊ ရဲတပ်ဖွဲ့က ၎င်းကို အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးဆိုင်ရာဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်အရေးယူကာ မေလ ၅ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဦးနေမျိုးဝေ၏ ညီမလည်းဖြစ်၊ အကျိုးဆောင်ရှေ့နေလည်းဖြစ်သူ ဒေါ်စန္ဒာဦးက “အချုပ်လွတ် ထုချေခွင့် (အာမခံ) ကျမတို့ လျှောက်ထားခဲ့တယ်။ ကျမအစ်ကို (ဦးနေမျိုးဝေ) က အသက်ရှုကြပ်တဲ့ရောဂါ ရှိတယ်။နောက်ထပ်ရုံးချိန်းမှာ အချုပ်လွတ် ထုချေခွင့်ပေးဖို့ ထပ်ပြီးတင်ပြသွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ဦးနေမျိုးဝေအမှုအား လာမည့် မေ ၃၀ ရက်တွင် ထပ်မံကြားနာရန် ကန်ကြီးထောင့်မြို့နယ်တရားသူကြီးက ချိန်းဆိုထားပြီး တရားလိုဦးဝေယံအောင်ကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းသန့်စင်ပေးပို့သည်။