ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် (၇) ရပ်ကွက်၊ သံလမ်း လမ်းမဘေးရှိမြောင်းအတွင်းသို့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦး ချော်ကျသွားရာ ဓာတ်တိုင်အားကိုင်၍ပြန်တက်စဉ် ဓာတ်လိုက်သေဆုံးမှု မေ ၃၁ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါကလေးငယ် ဓာတ်လိုက်သေဆုံးမှုကို လှိုင်မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၆ ဖြင့် အမှုဖွင့်၍ အသေးစိတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လှိုင်မြို့နယ်ရဲစခန်းမှ သိရသည်။
ရန်ကုန်မြို့တွင် ယခုဖြစ်စဉ်ကဲ့သို့ လမ်းဘေးဓာတ်တိုင်မှ ဓာတ်လိုက်သေဆုံးသည့်ဖြစ်စဉ်မှာ ဒုတိယအကြိမ် ဖြစ်ပွားခြင်းပြီး၊ ပြီးခဲ့သည့် မေလ ၂၄ ရက် နေ့လည်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆာကူရာတာဝါနှင့် မျက်နှာချင်းဆိုင်၊ မီးရထားအထူတန်း လက်မှတ်အရောင်းဌာန ဝင်ပေါက်ရှေ့ ဓာတ်တိုင်အောက်တွင် လူငယ်တဦးဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့တွင်းရှိ မြေပေါ်မြေအောက်သွယ်တန်းတပ်ဆင်ထားသည့် လျှပ်စစ်မီးကြိုးများမှာ နှစ်ကာလကြာမြင့် နေပြီဖြစ်သည့်အတွက် ကြံ့ခိုင်မှုမရှိတော့ဘဲ လျှပ်စစ်မီးကြိုးပြတ်တောက်မှုများလည်း ဖြစ်ပွားလေ့ရှိနေပြီး၊ အစားထိုး လဲလှယ်တပ်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ပြောဆိုထားသည်။