မန္တလေးတိုင်းဒေသကြီးတွင် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော်လည်း ဒေသထွက် ဆန်စပါးသည် မန္တလေးတိုင်း ဒေသတွင်း စားသုံးမှုလိုအပ်ချက် ၆၃ ရာခိုင်နှုန်းသာ ဖူလုံပြီး ကျန်လိုအပ်နေသည့် ဆန်းစပါး ၃၇ ရာခိုင်နှုန်းမှာ အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ဝယ်ယူတင်သွင်းနေရကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
စပါးစိုက်ပျိုးမှုအတွက် အဓိကလိုအပ်သော ရေရှိမှုကို ဆည်ရေများဖြင့် ပံ့ပိုးပေးသော်လည်း မိုးနည်းရေရှားဒေသဖြစ်ရာ ဆည်များတွင် ရေဝင်ရောက်မှု နည်းပါးသဖြင့် သတ်မှတ်လျာထား ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်မှု မရှိခြင်းများကြောင့် ဆန်လိုဒေသတခု အဖြစ်သာ ရှိနေရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒေသအခြေအနေအရ ပြည်ပသို့ တင်ပို့လေ့ရှိသည့် စပါးမျိုးများကိုသာ စိုက်ပျိုးမှုများသောကြောင့် စားသုံးရန်ဆန်ကိုမူ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြန်လည် ဝယ်ယူစားသုံးရခြင်းဖြစ်သည်။
“တင်ပို့ရောင်းချရာမှာလည်း တိုက်ရိုက် ရောင်းချရတာမျိုး မဟုတ်ဘဲ ပြည်တွင်းက ဝယ်လက်တွေကို အဓိက အားထား နေရတာပါ။ နောက်ပြီး မတ္တရာမြို့ နယ်မှာ အဆင့်မြင့် ဆန်စက်တွေရဲ့ ကြိတ်ခွဲမှုထွက်ရှိမှု ဆန်အနေအထားက ၂၅ မှတ်ဆန် ထွက်ရှိမှုများတယ်။ ဒါကြောင့် စပါးကိုပဲ အဓိက ရောင်းချနေရပါတယ်”ဟု သူက ရှင်းပြသည်။
မန္တလေးသည် ဆန်လိုအပ်သည့် ဒေသတခု ဖြစ်သည့်အလျောက် အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ ရမည်းသင်း၊ မြင်းခြံ၊ တောင်သာ၊ ငါန်ဇွန်၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ် စသည့် မြို့နယ် ၂၀ တွင် နှစ်စဉ် နွေစပါးနှင့် မိုးစပါး စိုက်ပျိုး ကြကြောင်း သိရှိရသည်။
ဝန်ကြီးဌာနမှ ရရှိထားသည့် စာရင်းများအရ နွေစပါးစိုက်ပျိုးမှုသည် စိုက်ဧက ၁၆၇၈၅၉ ဧက စိုက်ပျိုးခဲ့ပြီး စပါးထွက်ရှိမှု အားဖြင့် ပျမ်းမျှ တဧက ၁၀၂ ဒဿမ ၃၇ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ မိုးစပါး စိုက်ပျိုးမှုသည်လည်း ၄၆၀၇၈၉ ဧက စိုက်ပျိုးနိုင်ခဲ့ရာ စပါးထွက်ရှိမှု ပျမ်းမျှ တဧက ၈၅ ဒဿမ ၄၆ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ စပါးထွက်ရှိမှုများသည့် မတ္တရာမြို့နယ်မှ စပါးများကို ပြည်ပသို့ အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။