ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဟွေ့ခွမ်မြို့နယ် ရပ်ချာဒါဖိဆစ်လမ်း ဟွေ့ခွမ် MRT အနီးမှာရှိတဲ့ နာတာရီ (Nataree) အနိုပ်ခန်းကို လူကုန်ကူးမှု တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်ပူးပေါင်း အင်အား ၁၀၀ ကျော်နဲ့ မနေ့ညနေက ဝင်ရောက်စီးနင်းရာ ၁၈နှစ်အောက် အမျိုးသမီး အနည်းဆုံး ၃ဦးအပါအဝင် ပြည့်တန်ဆာ ၁၂၁ ဦးကို ဖမ်းဆီးမိကြောင်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ဝင်ရောက်စီးနင်းရာမှာ ပါဝင်တဲ့ ရဲအရာရှိ Worayuth Naowarat က လွန်ခဲ့တဲ့ ၃လလောက်က နိုင်ငံခြားNGO အဖွဲတခုက အဆိုပါ အနိုပ်ခန်းတွင် လူမှောင်ခိုကုန်ကူးမှု ရှိနေကြောင်း တိုင်ကြားချက်အရ စောင့်ကြည့်ပြီး ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ဆိုပါတယ်။
နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေကို အသိပေးခြင်းမရှိပဲ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး၊ အဆိုပါ အနိုပ်ခန်းမှ နယ်မြေခံရဲတပ်ဖွဲ့ အပါအဝင် တခြားသောရဲတပ်ဖွဲ့များ ပေးအပ်ရသည့် လစဉ်ကြေး စာရင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စာရင်းထဲမှာတော့ ကမ္ဘာလှည်ခရီးသွားကူညီစောင့်ရှောက်ရေး ရဲတပ်ဖွဲ့ ကို ဘတ် ၁သောင်း၊ ၁၉၁ အရေးပေါ် ရဲတပ်ဖွဲ့ကို ဘတ် ၂၅၀၀၀၊ အထူးရဲတပ်ဖွဲ့ကို ဘတ် ၃သောင်း၊ ဟွေ့ခွမ် နယ်မြေခံရဲကို ဘတ် ၂၄၀၀၀၊ လူဝင်မှု ကြီးကြပ်ရေးကို ဘတ် ၇၆၀၀၀၊ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ကို ဘတ် ၆ထောင်ပေးရကြောင်း ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသည့် အဆိုပါ ပြည့်တန်ဆာအများစု ၉၀ ရာခိုင်နှုန်းမှာ မြန်မာပြည်မှ အမျိုးသမီး များဖြစ်ကြောင်း The Nation သတင်းကို ကိုးကားပြီး ဒီမိုကရက်တစ် မြန်မာအသံ(DVB) ရုပ်သံက ဆိုပါတယ်။