သတင်းတို

မြန်မာနိုင်ငံ မွတ်စလင် ရှေ့နေများအသင်း ဖွဲ့စည်း

This article has been converted from Zawgyi One to Unicode

1380303_651511624892993_2051738987_n

ရန်ကုန်မြို့တွင် ရှေ့နေ ၇၀ ခန့်ပါဝင်သည့် မြန်မာနိုင်ငံသားမွတ်စလင်ရှေ့နေများအသင်းကို ဇွန် ၄ ရက်က စတင်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

လူမျိုးဘာသာမတူညီကြသည့် မြန်မာနိုင်ငံသားအားလုံးတွင် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းကို တန်းတူညီမျှ ရရှိစေရေး၊ မတူကွဲပြားသည့် ဘာသာအယူဝါဒများအကြား ဥပဒေအရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အဓိကရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်း အသင်းဥက္ကဋ္ဌဦးကျော်ငြိမ်းက ဧရာဝတီကို ပြောသည်။

“ဒါကိုသီးခြားဖွဲ့တာက ခွဲထွက်တာမျိုး၊ တထီးတနန်းလုပ်တာမျိုး လုံးဝမဟုတ်ပါဘူး။ ရှေ့နေကြီးတွေရဲ့umbrella တခုတည်းအောက်မှာပါပဲ။ ကျနော်တို့အားလုံးက မပြည့်ဝသေးတဲ့ လူ့အခွင့်အရေးတွေ၊ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ရယ်။ မတူကွဲပြားတာတွေ ပပျောက်ပြီး၊ တူတာတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတာပါ” ဦးကျော်ငြိမ်းက ဆိုသည်။

မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်း ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ့တချို့အကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပြီး၊ မွတ်စလင်ရှေ့နေများအသင်းကို ယခုလိုဖွဲ့စည်းလိုက်ခြင်းအားဖြင့် ရှေ့နေများအကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်တည်ထောင်သူ ဦးကြီးမြင့်က ပြောဆိုသည်။

“ရှေ့နေတွေ စိတ်ဝမ်းကွဲမှာကို စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ရှေ့နေက မွတ်စလင်မှရှိတာ မဟုတ်ဘူး။ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်လည်း ရှိကြတာပဲလေ။ ရှေ့နေတွေ စိတ်ဝမ်းကွဲတာကအစ ရှေ့နေတွေနောက်မှာရှိတဲ့ ပြည်သူတွေကလည်း ငါတို့မွတ်စလင်ရှေ့နေမှပဲယုံမယ် ဆိုတာမျိုးတွေ ဖြစ်လာရင်မကောင်းဘူး” ဟု ဦးကြီးမြင့်က ဆိုသည်။

မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်း ယာယီရုံးခန်းကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းတွင် ဖွင့်လှစ်ထားပြီး အသင်းအား တရားဝင်ဖြစ်ရေးအတွက် မှတ်ပုံတင်လျှောက်ထားမှုကို ယခုလအတွင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဦးကျော်ငြိမ်းက ပြောသည်။

Loading