ဝန်ကြီးချုပ် မန်းဂျော်နီဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ၎င်းတို့အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်နှင့် သဘောထားများကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့တော်ခန်းမတွင် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
ဧရာဝတီတိုင်း အစိုးရအနေဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရိတ္တမဏ္ဍိုင်ကောင်းမွန်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းအစိုးရအဖွဲ့ဝင် အားလုံး၏ စာရိတ္တကို ပြည်သူလူထုအနေဖြင့် အချိန်မရွေး စစ်ဆေးနိုင်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် အစိုးရအဖွဲ့ကို အကြံဉာဏ်များပေး၍ ဝိုင်းဝန်း ကူညီပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ် မန်းဂျော်နီက တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများက ၎င်းတို့ဌာနအလိုက် ရက် ၁၀၀ စီမံကိန်းအဖြစ် ဆောင်ရွက်ထားမှုများကို အခမ်းအနား တက်ရောက်လာသည့် ပြည်သူများအား ရှင်းလင်းခဲ့ကြသည်။ ဧရာဝတီတိုင်း အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပြည်သူလူထုနှင့် တွေ့ဆုံပွဲသို့ လူမှုအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့များ၊ လယ်ယာမြေအရေး ဆောင်ရွက်နေသူများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ပန်းတနော်၊ ကျောင်းကုန်းတို့မှ ဒေသခံပြည်သူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။