ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန် စက်မှုလက်မှု သိပ္ပံကျောင်း(GTI) ကို အစိုးရသစ် လက်ထက်တွင် နည်း ပညာနှင့် အသက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
အင်းစိန်း GTI ကို ၂၀၀၇ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်း ပေးအပ်ခဲ့သောကြောင့် ယခု အစိုးရလက်ထက်တွင် ပညာရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်နေကြောင်းလည်း ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။
အင်းစိန် GTI သည် ၁၈၉၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် သမိုင်းဝင်ကျောင်းဖြစ်ပြီး အလယ်အလတ် ကျွမ်းကျင် AGTI ဒီပလိုမာ လက်မှတ်ရ အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာများ မွေးထုတ်နိုင်ခဲ့သည့် ကျောင်း ဖြစ်သည်။