အဆက်မပြတ် မိုးသွားသွန်းပြီး ရခိုင်ရိုးမ တောင်ကျရေကြောင့် ပန်းတောင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ ဇီးခုံကျေးရွာ တရွာလုံး ဇွန်လ ၁၁ ရက်နေ့က ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
စတင်ရေနစ်မြုပ်စဉ် သူရဲတန်း သာရေးနာရေးအသင်းက စက်လှေများဖြင့် သွားရောက် ကယ်ဆယ်ခဲ့ရကြောင်း၊ ဇီခုံရွာအတွင်း လူနေအိမ် ၆၆ လုံး၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတကျောင်းတို့ ရေနစ်မြုပ်ကာ ရှေးဟောင်း စေတီတဆူ ကမ်းပါးပြိုကျသည့်အထဲ ပါသွားခဲ့ရကြောင်း၊ ရေဘေးဒုက္ခကြုံတွေ့ရသူများသည် ပဲကြီးကျေးရွာအုပ်စု၊ ဒေါင်းတိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယာယီနေထိုင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“ဖြစ်ဖြစ်ခြင်း စနေနေ့ကလည်း ကျနော်လာကြည့်ပါတယ်။ တရွားလုံး ရေမြုပ်ခဲ့တာပါ။ တရွာလုံးမှာ ရေထိုးတဲ့ဒဏ်ကြောင့် အိမ်တွေပြိုပျက်သွားတယ်။ သစ်တုံးတွေ အမှိုက်တွေအများကြီးပဲ၊ ဒါတွေကို ရှင်းလင်းပေးဖို့ အတတ်နိုင်ဆုံး ဒေသဆိုင်ရာနဲ့ ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားတယ်။ ဒုက္ခရောက်နေတဲ့ အိမ်ရှင်တွေကိုလည်း အားပေးပြီးတော့ ဘယ်လို ကူညီပေးရမလဲဆိုတာ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံးညှိနှိုင်းပြီး လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု ဇီးခုံရွာသို့ လာရောက်ကြည့်ရှု့နေသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တ ာဝင်းမြင့်ချစ်က ဧရာဝတီကို ပြောသည်။
ယမန်နေ့က ပန်းတောင်းမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ဆရာဝန် ၆ ဦး ပါဝင်သည့် ပေါင်းတလည်မြို့နယ် NLD အမေ့နှလုံးသား ကျန်းမာရေး ကွန်ရက်တို့ လာရောက် ကြည့်ရှု ကူညီပေးခဲ့ကြသည်။