ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေးကော်မတီက လာမယ့် အပတ်အတွင်း ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် -မိုင်းလားအဖွဲ့ (NDAA) တို့နဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ သတင်းရရှိပါတယ်။
၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးလှမောင်ရွှေက “ဒေါက်တာ တင်မျိုးဝင်းတို့၊ ဦးသိန်းဇော်တို့က စီစဉ်နေပါတယ်။ လာမယ့် အပတ်ထဲတော့ သွားကြမှာ သေချာပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
တွေ့ဆုံမယ့် နေရာနဲ့ ရက်ကိုတော့ ရာသီဥတုအပေါ် မူတည်ပြီး ချိန်းဆိုကြမှာ ဖြစ်တာကြောင့် အတိအကျ ပြောဆိုခြင်း မရှိသေးပါဘူးလို့ ဦးလှမောင်ရွှေက ဆိုပါတယ်။
ကြိုတင်ပြင်ဆင်ရေး ကော်မတီအနေနဲ့ ‘ဝ’၊ မိုင်းလားတို့နဲ့ တွေ့ဆုံတဲ့အခါမှာ ဇူလိုင်လကုန် ပိုင်းလောက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ အချက်တွေကို အဓိက ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
‘ဝ’ နဲ့ မိုင်းလားအဖွဲ့တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း ရရှိထားသူများ ဖြစ်ပြီး ယခင် အစိုးရလက်ထက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ထိုးဖို့ အစိုးရအဖွဲ့က သွားရောက် ဖိတ်ခေါ်ခဲ့ပေမယ့်လည်း တက်ရောက်ခဲ့ခြင်း မရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။