ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကျွန်းလျားကြီး ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ တောင်ကျေျချာင်းရေ တိုက်စားမှုကြောင့် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက အိမ် ၅ လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ် ၁၅ လုံးမှာ အခင်းအကာပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“မနေ့က ၉ နာရီလောက်မှာ ကျွန်းလျားကြီးကျေးရွာအုပ်စု သဲဖြူကျေးရွာမှာ တောင်ကျချောင်းရေ ကြောင့် အိမ် ၅ လုံး ပြိုကျပျက်စီးပြီးတော့ အိမ် ၁၅ လုံးက အခင်းအကာတွေ ပျက်စီးခဲ့တယ်။ လူတွေတော့ အသေအပျောက် မရှိပါဘူး”ဟု သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်က ဧရာဝတီကို ပြောသည်။
အခင်းအကာများ ပျက်စီးခဲ့သည့်နေအိမ်များအား ဒေသခံများက ပြန်လည်ပြင်ဆင်ကာ နေထိုင်ကြပြီး အိမ်ပြိုကျသွားသည့် ဒေသခံများမှာ နီးစပ်ရာဆွေမျိုးများအိမ်တွင် ခိုလှုံနေရကြောင်း သိရသည်။
အဆိုပါ ရေဘေးဒုက္ခသည်များအား သာပေါင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီတွင် ပါဝင်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ မနက်ဖြန် နံနက်ပိုင်းတွင် ဆန် ၆ အိတ်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ သွားရောက်ကူညီပေးရန် ပြင်ဆင်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်က ပြောသည်။
“မနက်ဖြန် ရွာအထိသွားပြီး ပစ္စည်းတွေကူညီရင်း ကွင်းဆင်းကြည့်မယ်။ ပြီးရင် အိမ်ပြန်ဆောက် နိုင်အောင် လိုအပ်တာတွေ ကူညီပေးသွားမှာပါ”ဟု သူက ပြောသည်။