တရုတ်ရေတပ်မှ ထောက်လှမ်းရေး သင်္ဘောတစီး ဂျပန်ရေပြင်ပိုင်နက်ရှိ ကူချီနိုရာဘူ ကျွန်းအနီးသို့ မနေ့ နံနက်ပိုင်း ဝင်ရောက်လာကြောင်း The Japan Times သတင်းက ဆိုပါတယ်။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရ ဗုဒ္ဓဟူးနေ့ နံနက် ၃နာရီခွဲခန့်က အဆိုပါ တရုတ်ထောက် လှမ်းရေး သင်္ဘောကို P3- C အမျိုးအစား ကင်းထောက်လေယာဉ်က တွေ့ခဲ့ခြင်းဖြစ်ပြီး၊ ဂျပန်ရေပိုင်နက်ထဲမှ ထွက်ခွာ သွားဖို့ သတိပေးရာ နံနက် ၅နာရီလောက်မှာ အရှေ့တောင်ဘက်သို့ ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲတဲ့ တပတ်က တရုတ်ဖရီဂိတ် စစ်သင်္ဘောတစီးကို အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားနေသည့် ဆန်ကာကူကျွန်းများအနီး တွေ့ရှိခဲ့ပါသေးတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် တရုတ်စစ်သင်္ဘော ဒုတိယအကြိမ် ဝင်ရောက်လာခြင်းဖြစ်ပြီး၊ ပထမအကြိမ် ၂၀၀၄ ခုနှစ်က တရုတ်ရေငုပ်သင်္ဘောတစီး Ishigaki ကျွန်းအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီကတော့ အမေရိကန်၊ ဂျပန်၊ အိန္ဒိယရေတပ်များ ပါဝင်တဲ့ မာလာဘာ စစ်ရေးလေ့ကျင့်မှုကို အရှေ့အိုကီနာဝါ ကျွန်း အနီးမှာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ပြုလုပ်နေရာ အမေရိကန်လေယာဉ်တင်သင်္ဘော USS John C. Stennis နောက်ကို တရုတ်ထောက်လှမ်းရေး သင်္ဘောက နောက်ယောင်ခံလိုက် ထောက်လှမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။