သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်၊ ၅ လမ်း အမှတ် ၁၃၁-A၊ ပထမထပ် နေ ဒေါ်ခင်မြဝင်း (၅၃)နှစ် သည် နေအိမ်နောက်ဖက် ရေချိုးခန်းအတွင်း၌ မျက်နှာဝဲဘက် ပြတ်ရှ၊ ဦးခေါင်း သွေးထွက်ဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို အလုပ်မှ ပြန်လာသည့် သားဖြစ်သူ ကိုကျော်ရဲနိုင် (အကြီးတန်းစာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံး) က ယမန်နေ့ည ၈နာရီခွဲခန့်က တွေ့ရှိပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့လာရောက်တိုင်တန်း သဖြင့် (ပ)၅၇၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်ကာ စုံစမ်း ဆောင်ရွက်ခဲ့ရာ ယင်းနေ့ နံနက် ၁၀နာရီ အချိန်ခန့်က အခင်းဖြစ်တိုက်ခန်း ပေါ်တွင် ဆူညံသံများကြားရပြီး “ဆရာမရယ် မလုပ်ပါနဲ့”ဟု အော်ဟစ်ပြောဆိုသံများကြားရကြောင်း၊ သေဆုံးသူမှာ ၂၀၀၇ ခုနှစ်ခန့်မှစတင်၍ကျောင်း ဆရာမ ဒေါ်အေးအေးမော်(ခ) အင်ကြင်းခိုင် ဆိုသူနှင့် အဆက်အသွယ်ရှိကြောင်း၊ ယင်း ကျောင်းဆရာမမှာ ၂၀၁၅ ခုနှစ်တွင် လှည်းကူးမြို့နယ်မှ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ အမှတ်(၇)မူလွန်ကျောင်း အုပ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ အနော်ရထာလမ်းတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆရာမ ဒေါ်အေးအေးမော်မှာ အိမ်တွင် နေထိုင်ခြင်းမရှိပဲ တောင်ဥက္ကလာပမြို့နယ်၊ စိန်တောင်ကြီး ဟိုတယ်တွင် တည်းခိုနေကြောင်း သိရသဖြင့် ညတွင်းချင်း သွားရောက်ရှာဖွေရာ အခန်းအမှတ်(၂၁၅)တွင် ဒေါ်အေးအေးမော်အား အင်ကြင်းခိုင်အမည်ဖြင့် ကျော်ကျော်ဆိုသူနှင့်အတူ တည်းခိုနေထိုင် လျက်ရှိကြောင်း တွေ့ရှိရ၍ ၎င်းတို့အားရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ပါသည်။
ဖြစ်ပွားပုံမှာ ယမန်နေ့ နံနက် ၉နာရီခန့်က ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်နှင့် မွေးစားသမီး မကျော့ကေခိုင်(ခ)ချစ်ပုသည် သားမက်ဖြစ်သူ ညီညီလင်းကို သင်္ဃန်းကျွန်းမြို့နယ်၊ငမိုးရိပ်စံပြ (၅)လမ်း ထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထားခဲ့ကာ စံပြ(၅)လမ်း၊ အခင်းဖြစ် တိုက်ခန်းနေ ဒေါ်ခင်မြဝင်းထံ အကြွေး သွားတောင်းကြောင်း၊ နေအိမ်ပေါ်အရောက်တွင်ရရန်ရှိသော အကြွေးငွေ သိန်း(၃၀)တောင်းခံရာမှ တစ်ဦးနှင့်တစ်ဦး အချေအတင်စကားများကြပြီး ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်မှ ဒေါ်ခင်မြဝင်း အား စတင်ရိုက်နှက်ရာ ဒေါ်ခင်မြဝင်းမှ ဖုန်းအားသွင်းကြိုးဖြင့် လည်ပင်းအားရစ်ပတ်ဆွဲသဖြင့်
မကျော့ကေခိုင်(ခ)ချစ်ပုမှ ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ဒေါ်ခင်မြဝင်းမှ နောက်ဖေးမီးဖိုမှ ဓားမအား ယူ၍ ခုတ်ရာ မကျော့ကေခိုင်(ခ)ချစ်ပု၏ ယာဘက်လက်ချောင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဒေါ်အေးအေးမော်(ခ) အင်ကြင်းခိုင်မှ ဒေါ်ခင်မြဝင်းအား ရေချိုးခန်းအတွင်းသို့တွန်းလှဲကာ လည်ပင်းနှင့်ပါးများကို ဓားမဖြင့်ထိုးခုတ်ခဲ့ကြောင်း၊ ယင်းနောက် သမီးဖြစ်သူအား အိပ်ခန်းအတွင်းမှ ခေါင်းအုံး ယူခိုင်းကာ ဒေါ်ခင်မြဝင်း၏မျက်နှာအား အသက်ရှူ ရပ်သည်အထိဖိထားပြီး ဒေါ်ခင်မြဝင်းဝတ်ဆင် ထား သော ရွှေဆွဲကြိုးနှင့်လက်ကောက်(၃)ကွင်းအားဖြုတ်ယူ၍ လက်ဖက်ရည်ဆိုင်မှ သားမက်ဖြစ်သူအား ခေါ်ဆောင်ပြီး နေအိမ်သို့ပြန်လာခဲ့ကြကြောင်း၊ ရွှေဆွဲကြိုးနှင့် ရွှေလက်ကောက်တို့အား ည ၂နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄)ရပ်ကွက်၊ စည်ပင်လမ်း၊ အမှတ်(၉၉)ရှိ “ပို့ပို့” အပေါင်ဆိုင်နှင့် ငွေချေးလုပ်ငန်းသို့သွားရောက်၍ မကျော့ကေခိုင်၊ သားမက်ဖြစ်သူ ညီညီလင်းတို့နှင့်အတူငွေကျပ် (၂၁)သိန်းဖြင့် ပေါင်နှံခဲ့သည်ဟု သိရသည်။
ယခုအခါ ပြစ်မှုကျူးလွန်သူ ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်၊ (၄၆)နှစ်နှင့် မကျော့ကေခိုင်(ခ)ချစ်ပု၊ (၂၆)နှစ်တို့အား အခင်းဖြစ်ပွားပြီး လာရောက်တိုင်တန်းသည့် ၇နာရီ ၃၀ အချိန်မှစတင်၍ ၄ နာရီအတွင်းရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖြင့်အရေးယူဆောင်ရွက်
လျှက်ရှိသည်။