မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် တွင် မြန်မာငွေ တစ်သောင်းကျပ်တန် အတုဖြင့် ဈေးဝယ်နေသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ငွေစက္ကူအတု ပြုလုပ်သူ ၂ ဦးမှာ ချမ်းမြသာစည်မြို့နယ်၊ ငုရွှေဝါလမ်း၊ မြို့သစ် ၂ ရပ်ကွက်တွင် နေထိုင်သည့် ဝင်းမင်းဟိန်း (ခ) ကိုဟိန်း (၂၆) နှစ်နှင့် ဂျင်ဟိန်း (ခ) ဂျိမ်း (၂၃) နှစ်တို့ ညီအစ်ကို နှစ်ယောက်ဖြစ်ကြောင်း၊ ကွန်ပျူတာဖြင့် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အတု ၃ ရွက်ပြုလုပ်ကာ ညောင်ကွဲရပ်ကွက်ရှိ မြင့်ရွှေပွင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ဇွန်လ ၂၀ နေ့ည ၇ နာရီ ခန့်က ဆေးလိပ်ဝယ်ယူခဲ့ရာ ဆိုင်ပိုင်ရှင်က မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူ အချို့က မြင့်ရွှေပွင့် ကုန်မျိုးစုံရောင်ဝယ်ရေးဆိုင်တွင် ငွေစက္ကူအတုဖြင့် ဆေးလိပ်ဝယ်ယူသူ အမျိုးသား ၂ ဦးကို စစ်ဆေးရာ BR4787150 အက္ခရာနှင့် နံပါတ်တူ တစ်သောင်းကျပ်တန် ငွေစက္ကူ အတု ၃ ရွက်အား စစ်ဆေးတွေ့ရှိရသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေစက္ကူ အတုပြုလုပ်သူများ၏ အိမ်ကိုလည်း ဝင်ရောက်ရှာဖွေရာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ညတွင်းချင်း သိမ်းဆည်းခဲ့ပြီး ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။