အမြန်လမ်းနံဘေး အုတ်တံတိုင်း ခတ်မှု ကျေးရွာ ၁၁ ရွာ ကန့်ကွက်
This article has been converted from Zawgyi One to Unicode

နေပြည်တော် လယ်ဝေးမြို့နယ် ရဘိန်းကျေးရွာအနီး မိုင်တိုင် ၁၉၂ မိုင်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အုတ်တံတိုင်း ခတ်မှုကို ဒေသခံများက လမ်းပန်းဆက်သွယ်မှု ပိတ်ဆို့ခံရသည်ဟုဆိုကာ ယင်းနေရာ အနီးရှိ ရွာ ၁၁ ရွာမှ ဒေသခံများ အမြန်လမ်းမပေါ်တက်၍ ကန့်ကွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်းပေါ်သို့ ကျွဲနွားများ မတက်ရောက်နိုင်ရန်အတွက် အုတ်တံတိုင်း ခတ်မှုကို အမြန်လမ်းတလျှောက် စတင် ဆောင်ရွက်မည်ဟု ပြောဆိုထားရာ လမ်းအသုံးပြုလိုသူ ဒေသခံများနှင့် ဝန်ကြီးဌာနက ထိပ်တိုက် တွေ့ဆုံမှုများ စတင်ဖြစ်ပေါ်နေသည်။
ရဘိန်းရွာခံ ဦးသိန်းနိုင်က “၁၁ ရွာမှာ လူဦးရေက ၂ သောင်းကျော် ရှိတယ်။ ဒီအုတ်တံတိုင်း ခတ်လိုက်ရင် ရဘိန်း တံတားနဲ့ သဲဖြူချောင်းတံတား ၂ စီးကို ပိတ်လိုက်သလို ဖြစ်သွားမှာ။ အဲဒါဆို ရွာ ၁၁ ရွာက လယ်ဝေးမြို့ သွားလို့ မရတော့တဲ့အတွက် ပိတ်လိုက်ရင် ကလေးတွေ ကျောင်းသွားတက်ဖို့ကို အဆင်မပြေတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလမ်းကို တောင်သူများက ကုန်ရောင်းကုန်ဝယ်၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများအတွက် လယ်ဝေးမြို့သို့ သွားရောက်ရန် အသုံးပြုနေရကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်မည်ကိုလည်း ဒေသခံများသို့ ဝန်ကြီးဌာနက အသိပေးခဲ့ခြင်း မရှိဟု သိရသည်။
လယ်ဝေးမြို့ခံ ဦးကျော်ဆွေလတ်က “ဒီနေ့ မနက် ၈ နာရီလောက်မှာ ဆောက်လုပ်ရေးက အုတ်ပုံတယ်။ ဒေါ်စိုးစိုးဝင်းလို့ ခေါ်တဲ့ ဆောက်လုပ်ရေးက တာဝန်ခံနဲ့ အဖွဲ့ရောက်လာတယ်။ ကျနော်တို့ရွာက ရပ်မိရပ်ဖတွေ အကုန်ထွက်တားတယ်။ အဲဒါကိုလည်း သူတို့အလုပ် သူတို့လုပ်တာဆိုပြီး ဆက်လုပ်နေတော့ ဒီနားက ရွာ ၁၁ ရွာလုံးက လူတွေ လမ်းပေါ် တက်လာမှ သူတို့ လုပ်တာတွေ ရပ်ပြီး ပြန်ထွက်သွားတာ။ အခုရွာ အုပ်ချုပ်ရေးမှူးက ဒီကိစ္စကို သက်ဆိုင်ရာနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို တင်ပြဖို့ လုပ်နေတယ်” ဟု ပြောသည်။
အုတ်တံတိုင်း ခတ်လိုက်ပါက လမ်းပန်းဆက်သွယ်မှု ခက်ခဲနိုင်သည့် ကျေးရွာများမှာ ရဘိန်း၊ အောင်သပြေ၊ အောင်စီနတ်ကန်၊ ကြိမ်မြှောင်၊ အောင်မင်္ဂလာ၊ အောင်သာ၊ ယက္ကန်းစင်၊ အောင်သာယာ၊ မင်းရေး၊ သာယာကုန်းနှင့် ဆပ်ပြာကျင်း ကျေးရွာ ၁၁ ခု ဖြစ်သည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုကြသည်။