![ဗီဇာအတု ကိုင်ဆောင်မှုဖြင့် အဖမ်းခံရသူများ ပြန်လွတ်လာစဉ် (ဓာတ်ပုံ - Myanmar Embassy in Kuala Lumpur / Facebook)](https://burma.irrawaddy.com/wp-content/uploads/2016/06/11021227_1553636661557326_7442595676137796109_n.jpg)
မလေးရှားနိုင်ငံ၊ ဆီပန်းတရားရုံးက မြန်မာနိုင်ငံသား အေးဂျင့် ၃ ဦးကို လူမှောင်ခိုမှုဖြင့် ထောင်ဒဏ် ၄ နှစ်စီ ဇွန်လ ၂၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဇွန် ၂၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
အေးဂျင့် ၃ ဦးမှာ ဦးမြင့်စိုး၊ ဒေါ်စုမြတ်နန္ဒာဝင်း နှင့် ဒေါ်အိသူဇာဦး ဆိုသူတို့ဖြစ်ကြကြောင်း၊ ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက မလေးရှားနိုင်ငံသို့ ပြည်ဝင် ဗီဇာအတုဖြင့် မြန်မာနိုင်ငံသား ၅၂ ဦး အပါအဝင် စုစုပေါင်း ၇၂ ဦး ပို့ဆောင်ခဲ့ရာ ကွာလာလမ်ပူ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ အလုပ်သမားများကို ခေါ်ဆောင်လာသူ အေးဂျင့် ၃ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရာတွင် ဗီဇာအတု ကိုင်ဆောင်သူ ၅၂ ဦးကို မလေးရှားနိုင်ငံ ဆီပန်းတရားရုံးက ၂၀၁၄ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့သော်လည်း မြန်မာသံရုံး၏ ညှိနှိုင်းမှုဖြင့် ၄၈ ဦးကို ပြစ်ဒဏ်လျော့ကာ မြန်မာနိုင်ငံသို့ ပြန်ရန် အမိန့်ချမှတ်ခဲ့ပြီး ကျန်ရှိသည့် ၇ ဦးကို အေးဂျင့်များအား တရားစွဲဆိုရာတွင် သက်သေအဖြစ် ဆက်လက်ခေါ်ထားခဲ့ပြီး ထွက်ဆိုပြီးချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။